Monday, November 29, 2010

ကျေးဇူးတင်ခြင်း

ခုတလော စိတ်ထဲမပျော်ဘူး.....။စိတ်ညစ်စရာတွေနဲ့လုံးလည်ပတ်ချာလည်နေပါတယ်...။မြန်မာပြည်ပြန်ချင်စိတ်
တွေပေါက်လာတယ်...။ပြန်မယ်လို့ဆုံးဖြတ်လိုက်မိတယ်....။ရက်တောင်ရွေးပြီးပြီ...။တော်ပါပြီလေ....ဒီလောက်ဆို
လို့ ဘာသာဆုံးဖြတ်လိုက်တယ်...။သူငယ်ချင်းတွေကို ပြောမိတော့ အားလုံးကဝိုင်းတားကြတယ်...။သူတို့အလည်
ပြန်ဖြစ်တဲ့ မြန်မာပြည် လက်ရှိအခြေအနေကို ပြောပြပြီး ဒီမှာပဲ အဆင်ပြေအောင်ကြည့်နေဖို့ ပြောကြပါတယ်။

အလုပ်ပြောင်းဖို့ တိုင်ပင်ကြည့်တော့လည်း၊လောလောဆယ်ငြိမ်နေဖို့၊အရင်လိုမဟုတ်ပဲ ရီဂျက်တွေ ထိနေတဲ့
အကြောင်း တရုတ်နှစ်ကူးပြီးမှ ကြိုးစားသင့်ကြောင်း ဦးလေးတော်ကရော၊သယ်ရင်းတွေကပါ ပြောကြပါတယ်။
ဒီလိုနဲ့ဆုံးဖြတ်ချက်ကိုပြန်ပြင်ရပါတယ်....။မပြန်သေးပဲ၊အလုပ်ပြောင်းဖို့လဲမကြိုးစားသေးပဲ...ငြိမ်ငြိမ်လေးနေဖို့ပါ။

ကျွန်တော်က စိတ်ခံစားချက်ကို ဦးစားပေးတတ်တဲ့သူ...၊ဖျက်ကနဲပေါ်ရင် ဆက်ကနဲထလုပ်တတ်တဲ့သူ၊
စိတ်ညစ်တဲ့ဒဏ်ကို မခံချင်တဲ့သူ၊စိတ်ဖိစီးမှုနဲ့ မတူမနေနိုင်တဲ့သူ၊ဒီလိုလူတစ်ယောက်အတွက် စိတ်ညစ်လာတဲ့
အခါ၊စိတ်ဆင်းရဲလာတဲ့အခါ ဘာမှလုပ်ခွင့်မရတဲ့ အခါမှာ ထွက်ပေါက်တစ်ခုလိုလာပါပြီ။

ဘာသာရေးလား....။ဟင့်အင်း...။မလုပ်ချင်ဘူး...။ကိုယ်အဆင်ပြေနေတုန်းက လှည့်မကြည့်ခဲ့ပဲ အဆင်မပြေ
ကာမှ ဘုရားကို အပူမကပ်ချင်ပါဘူး..။စိတ်ငြိမ်းချမ်းမှုကို ဘာသာရေးနဲ့ရှာသင့်ပေမယ့် မလုပ်ချင်လို့မလုပ်ဖြစ်
ခဲ့ပါ..။ဒီတော့ ဘယ်တုန်းကမှ မစဉ်းစားမိတာတွေလုပ်ဖြစ်တယ်...။သိကြတဲ့အတိုင်း ကလပ်တတ်ကြည့်တယ်။
ပိုတောင်စိတ်ညစ်မိသေး(ကျွန်တော်နဲ့မှ မအပ်စပ်တာကြီး :) )။ဂေလန်းဘက် သူငယ်ချင်းတွေနဲ့သွားတယ်။
ကလေးမတွေလျှောက်ကြည့်ပြီး သူတို့ကို သနားစိတ်လည်းဝင်၊စိတ်လည်းကုန်လာတာနဲ့ လှည့်ပြန်လာရတယ်။

ဘီယာသောက်ပလိုက်တယ်...။မူးတုန်းခဏပါဘဲ..။နောက်နေ့ရောက်တော့ ပိုလို့တောင် စိတ်ဓာတ်ကျလာသေး။
ဒါနဲ့နောက်ပိုင်းမသောက်ဖြစ်တော့ပါဘူး...။ဒီတော့ ဘာလုပ်ပါသလဲ...။စာတွေပဲဖတ်ဖြစ်တယ်...။ဘလော့တကာ
လိုက်ဖတ်တယ်...။တွေ့သမျှလင့်တွေ အကုန်ဖတ်တယ်...။ကွန်မန့်တွေရေးတယ်...။ဒီမိုဘလော့တွေလည်းဖတ်၊
နအဖတွေလည်းဖတ်၊ဟာသတွေလည်းဖတ်၊ဘဝတွေလည်းဖတ်၊ကိုယ့်ဘလော့မှာလည်း လင့်ချိတ်၊ညညဆို
လက်တော့လေးနဲ့တကုတ်ကုတ်....။

ဘာပဲပြောပြော ကိုယ်လုပ်ချင်တာလေးကိုလုပ်နေရတော့ စိတ်ကလေးက နဲနဲ အနယ်ထိုင်လာတယ်..။ဘာသာ
လည်း အသင့်အတင့်နှလုံးသွင်းပါတယ်...။ဒီလိုနဲ့ ခက်ခဲတဲ့နေ့ရက်တွေကို တဖြည်းဖြည်းကျော်လွန်ဖြတ်သန်း
ခဲ့ရပါတယ်...။

အဲ့ဒီအတွက် ကျေးဇူးတင်ပါတယ်...။တကယ်ကို ကျေးဇူးတင်တာပါ...။
ဘယ်သူတွေကိုလည်းဆိုတော့....

ဘလော့လေးတွေဖွင့်ပြီး ကိုယ်ရေးချင်သမျှ၊ရေးတတ်သမျှ၊ရေးနိုင်သမျှ ရေးပေးကြတဲ့ ကျွန်တော် လိုက်ဖတ်ဖြစ်
တဲ့၊ကျွန်တော်လိုက်မဖတ်ဖြစ်သေးတဲ့ ဘလော့ဂါတွေအားလုံးကိုပါ...။

ပြီးတော့ ကျွန်တော်ရေးသမျှ ပေါက်ကရတွေကို အချိန်ပေးပြီးလာဖတ်ကြတဲ့ သူအားလုံး၊ကွန်မန့်သွားကြသူတွေ၊
မမန့်ဖြစ်တဲ့သူတွေ၊စီပုန်းကအော်သွားသူတွေ၊တိတ်တိတ်လေးပြန်သွားသူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။

ပြီးပြောချင်တာတခုက ဘလေ့လေးမှာ ရေးချင်တာချရေးလိုက်လို့ စာလာဖတ်သူတွေ အကျိုးတစ်စုံတစ်ရာ
မရမှာ ပူတတ်ကြတဲ့သူတွေကိုပါ....။ရေးချင်တာသာစိတ်ထဲရှိရာချသာရေးကြပါ...။ဖတ်နေရရင် စိတ်ချမ်းသာ
မှု ရတတ်တဲ့သူတစ်ယောက် ဟောဒီနားခိုရာရပ်ဝန်းလေးမှာ ရှိနေသေးတဲ့အကြောင်းပါ...။

(အထူးသဖြင့် ရေးချင်တာရေးတတ်တဲ့၊ကျွန်တော်လည်း ပေါက်ကရတွေ မန့်ဖြစ်တဲ့ အစ်မကွန်၊စာကောင်းတွေ
မပြတ်ရိုက်တင်ပေးနေတဲ့ ကျွန်တော်ရေးသမျှ မညီးမညူ ကွန်မန့်ပေးတတ်တဲ့ အစ်မရွေစင်၊ကျမ်းမာရေးဂရုစိုက်
နေရတဲ့ကြားက ဟာသတွေနဲ့ စိတ်ဖြေရာပေးနေတဲ့ ကိုကြီးကျောက်၊သရော်တော်တော်နဲ့ လေးနက်တဲ့ အတွေး
တွေပေးတတ်တဲ့၊မန့်လို့လည်းမရ၊စီပုံးလည်းမထောင်တဲ့ ကိုဇတ်ဖျာ့(အင်း အဲ့လိုအသံထွက်ရထင်ရဲ့ :D)၊

ပြီးတော့ ကျွန်တော့်ဘလော့လေးကြည့်ပျော်ရှုပျော်ဖြစ်အောင် နည်းပညာအကူအညီ အများဆုံးယူရတဲ့ ကေပီ
သရီးမိသားစ
ု၊ စာရေးကြဲပေမယ့် အဟောင်းတွေပြန်ပြန်ဖတ်ဖြစ်တိုင်း စိတ်ကြည်နူးရတဲ့၊ကျွန်တော့ကို ဘလော့
ရပ်ဝန်းလေးထဲ (သူကိုယ်တိုင်တောင်မသိလိုက်ပဲ)ဆွဲခေါ်လာခဲ့တဲ့ အစ်မမိုးချိုသင်း၊ ကျွန်တော့ ဘလော့လေးမှာ
ပထမဆုံးအဖြစ်ကွန်မန့်ရေးပြီးအားပေးခဲ့တဲ့ chocothazin၊ကိုမောင်မျိုး၊အစ်မလသာည၊ဂျပန်ကားလေးကြည့်
ချင်ပါတယ်ဆိုလို့ တတန်တက စီပုံးကလာပေး ပေးတဲ့ ကိုရွာသားလေး၊မြန်မာပြည် ကိုးနတ်ရှင်အခက်အခဲကြား
ကဝင်ဝင်လာရှာတဲ့ ညီမနှင်းမိုးနဲ့ ညီ နတ်ဆိုးလေး။စီပုံးမှာ ပထမဆုံးနှုတ်ဆက်အားပေးတဲ့ အစ်မငယ်နိုင်
အစ်မချစ်ကြည်အေး၊မယွန်း နဲ့ မပူးတေ...၊နောက်....အားလုံး.....အားလုံး....အားလုံး.............။)

ဒီလထဲမှာ ကျွန်တော့်ဘလော့လေး ခြောက်လပြည့်ပါတယ်....။ကိုယ့်ဘာသာ စိတ်ညစ်နေလို့ ကိုယ့်ဘလော့ ကိုယ် ခြောက်လပြည့်မှန်းတောင် သတိမရမိပါဘူး...။တလောက ဝါကာဝါကာသီချင်း ပြန်ရှာရင်းနဲ့ ကမ္ဘာဖလား
ဘောပွဲကို ပြန်သတိရမိပါတယ်...။ဒီတော့မှ ကျွန်တော်ဘလော့ရဲ့သက်တမ်းကိုတွက်မိပါတော့တယ်...
(ကျွန်တော်ဘလော့လေး စရေးတဲ့လက ကမ္ဘာဖလားကန်တဲ့ ဇွန်လကိုးခင်ဗျ....)

ဒါနဲ့ပဲ ခြောက်လပြည့် အမှတ်တရလည်းဖြစ် ကျေးဇူးတင်ထိုက်သူတွေကိုလည်း အမှတ်တရဖြစ်အောင် (တနည်း
အားဖြင့်တော့ ဆားချက်တာ...း) )။ဒီပို့စ်လေးကို ရေးလိုက်ရပါကြောင်း......။

Thursday, November 25, 2010

အလွမ်းရောင် အမှောင်ညများ

အစိမ်းရင့်ရင့်တွေ အုံ့မှိုင်းနေတဲ့ ငါ့ရဲ့ အမှောင်ညတွေမှာ....

နင့်အကြောင်းတွေက တမိုးလုံးဖျောက်ဆိတ်ပါလား....ဟန်နီ...။

ကြားခဲ့ရတဲ့ ကြည်လျလျ စကားသံတွေ....

မြင်ယောင်မိနေတဲ့ ချိုမြမြ နှုတ်ခမ်းပါးလေးတွေ...

မေ့မရတဲ့နောက်တော့ သတိတရနဲ့ လွမ်းခွင့်ပြုပါတော့.....။

ချစ်မိခြင်းဆိုတာ အဆိပ်ခတ်ထားတဲ့ ဝိုင်ချိုချိုတစ်ခွက်ကိုမှ

တရှိုက်မက်မက် သောက်သုံးခြင်းတဲ့လား...။

ကြည်နူးခြင်းတွေ ဝင်ခွင့်မရတဲ့နောက်...

ကြေကွဲခြင်းတွေက ခေါင်းဝင်လို့ ကိုယ်ဆန့် ခဲ့ပြီပဲ....။

အရာရာ ပြန်ဖန်တီးခွင့် ရှိခဲ့ရင်တောင်.....

အဲဒီကြေကွဲခြင်းတွေကို ဒီအတိုင်းထားခဲ့မှာပါ...။

ရှိပါစေ...ရှိပါစေတော့လေ.....

ချစ်ခြင်းတွေမှ အစေ့အငြောင့် မပေါက်သေး....

အလွမ်းတွေက အုတ်အော်သောင်းတင်း ပွင့်ခဲ့ပြီကော....။

Tuesday, November 23, 2010

မော်ဒန် အန်းတိတ်

၁၇း၀၀။ ။

“အကို...ဒီနေ့ စနေနေ့နော်...ညကျရင် သွားကြမှာ လိုက်မယ်မဟုတ်လား...”

“အေး...အေး...လိုက်တာပေါ့ညီရာ.....လိုက်တာပေါ့...”

(အင်း....အမှန်တကယ်ကသိပ်မလိုက်ချင်ပါဘူး...။လျှာရှည်ထားမိတာကလည်းရှိ၊အတွေ့အကြုံလေးလည်းရချင်၊
ခေတ်မှီမှီလေးလည်းဖြစ်ချင်လေတော့....မငြင်းခဲ့ပါဘူး...)

၂၁း၁၅။ ။

“နဲနဲတော့ချပါလားအကိုရ..၊နို့မို့ဆို အထဲမှာ ကြောင်တောင်တောင်ကြီးဖြစ်နေမှာပေါ့...”

“တော်ပါပြီညီရာ....၊ဒီမှာ ဘီယာနှစ်ဘူးတောင်ကုန်သွားပြီပဲ...အတော်ပါပဲ...”

(ချတော့ချချင်တာအမှန်...၊တော်ပါပြီလေ...ဆယ်နှစ်ကျော်သောက်ခဲ့ပြီးပြီပဲ...။ကိုယ့် ကိုသူများတွေ မလေးစားခဲ့ရင်တောင်မှ ကိုယ့်ဘာသာကိုယ် လေးစားစိတ်လေးဝင်အောင်ချထားခဲ့တဲ့ဆုံးဖြတ်ချက်လေးကိုတော့
ထိန်းထားမှ လို့ ဘာသာ စိတ်ထိန်းထားလိုက်တယ်)

၂၃း၀၀။ ။

“ ဟ...ဟ..များလှချည်လား..လူတန်းကြီးက..ဒီလူတန်းကြီးနဲ့ဆို ငါတို့ ဘယ်အချိန်မှ အထဲရောက်ပါ့မလဲ..”

“အင်း..မနက် ၁နာရီလောက်မှ အထဲရောက်မှာ..ဒါပေမယ့် ကျွန်တော်တို့က တန်းဝင်စီမှာမှ မဟုတ်တာ အကိုရ...အေးဆေးပါ..”

“ အန်...ဘယ်လိုဝင်မှာတုန်း...”

“ နေဦး...ဖုန်းဆက်ပြီးခေါ်လိုက်မယ်...လောလောဆယ် ကျွန်တော်တို့က ငါးယောက်ဆိုတော့ ၁၀၀ အရင်ထုတ်ထားရမယ်...”

( သူ ဖုန်းဆက်ပြီး ခဏနေတော့ လူတစ်ယောက်ထွက်လာပါတယ်...။အဲ့လူနဲ့ သူ စကားနဲနဲပြောပြီး သကာလ...
အဲ့လူကပဲ ဦးဆောင်ပြီးကျွန်တော်တို့ကို ခေါ်သွားပါတယ်...။အစောင့်လူမည်းထောင်ထောင်မောင်းမောင်းကြီးကို
သူ့လူတွေပါလို့ပြောပြီးခေါ်သွင်းလိုက်တယ်ခင်ဗျ...။အော်....ပိုက်ပိုက်...ပိုက်ပိုက်....၊ဒီလိုနိုင်ငံမှာတောင်
ဒုတိယဘုရားသခင်နေရာက တပြားမှကို မလျော့ပါလား...။ )

၂၃း၂၀။ ။

ဝင်ဝင်ချင်းရင်ဝကို ဝင်စောင့်တာက တီးလုံးသံ....။စောင့်ကြိုနေတာက ဖြူနီပြာဝါ ရောင်စုံစလိုက်မီးရောင်...။
တွေ့လိုက်ရတာက လူတွေ၊လူတွေ...။ဖြူဖြူ၊ညိုညို၊ကြီးကြီး၊ငယ်ငယ်၊ကျားကျား၊မမ၊လှတပတ၊မလှတလှ၊
အရောင်စုံ၊အသွေးစုံ၊လူမျိုးစုံ၊တရုပ်၊ကုလား၊ဥရောပသားတွေ..၊ပြီးတော့ ဒို့ ရွေမြန်မာတွေ....။

စလိုက်မီးရောင်အောက်မှာ ဒီဂျေတေးသွားအတိုင်း လှုပ်ရမ်း၊ကခုန်၊ပျော်မြူးနေကြပါတယ်...။အလယ်လောက်
မှာ စက်ဝိုင်းပုံစတိတ်စင်နှစ်ခု ယှဉ်လျက်ရှိပါတယ်...။တခုကကျားအတွက်၊တစ်ခုက မအတွက်ပါ..။
ကောင်လေးတစ်ယောက်က မအတွက်ထားတဲ့စင်ပေါ်တက်ရှိတ်တော့ ချက်ချင်းဆိုသလိုအစောင့်မလေးကြီး
ရောက်လာပြီး ဆင်းခိုင်းပါရော...။

စင်တွေပေါ်မှာလည်း အပြည့်ကနေကြတယ်။စင်အောက်ကလူတွေကလည်း (ကျွန်တော်ကလွဲလို့ )အားလုံးလိုလို ကနေကြတယ်။တဖြေးဖြေးလူတွေများသထက်များလာပါတယ်...။တိုးကြ၊ခွေ့ကြ....၊ကောင်မလေးတွေလည်းတိုး၊
ကောင်လေးတွေကလည်းတိုး၊အားနာလို့ ရှောင်ပေးရင်း၊ဖယ်ပေးရင်း နဲ့ ဒီဂျေနဲ့ လုံခြုံရေးသမားတွေ နေတဲ့ အခန်းလေးရဲ့ရင်စို့လောက်ကာထားတဲ့ နံရံနဲ့ ကျော ကပ်မိသွားပြီ..။ဒီထက်ရှောင်လို့ရတော့ဘူး...။
ဒီဂျေ့ အခန်းထဲဝင်နေမှ..လို့တောင်တွေးမိသေး....။

၂၄း၀၀။ ။

“ဟေ့လူကြီး...အဲ့မှာ ဘာလုပ်နေတာလဲ လာ...လာ...ကစမ်းပါဗျာ...စိတ်လွတ်၊ကိုယ်လွတ်ပေါ့...ညစ်နေတာတွေ တေးသွားနဲ့မျှောပစ်လိုက်စမ်းပါ...”

အဲဒါနဲ့ ကပါတယ်....ဘယ်လိုကသလဲဆိုတော့..သူတို့ကသလိုလက်ညှိးလေးနှစ်ချောင်းထောင်လို့၊လက်ကိုလေထဲ
မှာမြှောက်မြှောက်ပြီးကပါတယ်...၊“.... မင်းရဲ့ လက်တွေ လေထဲမှာ မြှောက်ထားလိုက်...”ဆိုသလိုပေါ့ဗျာ...။

အင်း...သူတို့ ကတာတော့ကြည့်လို့ကောင်းသား..ကိုယ် ကတော့ မနှဲလေးနတ်ပူးနေသလိုဖြစ်နေတယ်ထင်ရဲ့..:)

၂၄း၃၀။ ။

လူတွေ ဒီထက်ပိုများသထက်များလာပါတယ်..၊ကြပ်သထက်ကြပ်လာပါတယ်....။လက်ကို လေထဲမြှောက်ထားရတာညောင်းလာပြီ။
မမနှဲလည်း စိတ်ညစ်ပြီးထွက်သွားလောက်ပြီ..။ဒီတော့ သူရို့လို လက်သီးကိုဖွဖွဆုပ်၊လက်ကို ရင်ဝမှာ အပ်ပြီး စည်းချက်ညီညီ ရှိတ်
ပါတယ်...။

(အချိုးကျကျ ကြည့်ကောင်းလိုက်ပုံက မြန်မာ့ရိုးရာ လက်ဝှေ့ပွဲမှာ လက်ဝှေ့ရေးပြနေပုံ ကိုသာမြင်ယောင်ကြည့်ကြပါကုန်....)

၀၁း၁၅။ ။

ဒီထက်...၊ဒီထက်...ပို၍၊ပို၍....ကြပ်လာပါပြီ....။ရှေ့ကတိုးတယ်....၊နောက်ကိုရို့ပေးတော့နောက်လူနဲ့ထိတယ်...။
နောက်ကတိုးတယ်..၊ရှေ့ကို ရို့ပေးတော့ ရှေ့လူနဲ့ထိတယ်...။ကျား နဲ့ မ၊ မ နဲ့ ကျားထိမိ၊ပွတ်မိတယ်...၊
ကျား ကျား ချင်း၊မ မချင်းလည်း ထိမိ၊ပွတ်မိတာပဲ...။

( အင်း....ဒါကြောင့် ရှေးရှေးက ပွတ်သဘင် လို့ ခေါ်ကြပေတာကိုး..လို့ ရှေးလူပီပီ တွေးမိပါတယ်....)

၀၁း၅၀။ ။

“.........tsamina...mina...eh.....eh....waka....kaka...eh...eh....tsamina...mina...zangalewa...this time for africa..... ”

ရှာကီရာတွေ...ရှာကီရာတွေ.....ဒီသီချင်းကို ဒီဂျေက မစ်စ် လိုက်တော့ စင်ပေါ်ကကောင်မလေးတွေရော...
စင်အောက်ကကောငိမလေးတွေပါ အကုန် ရှာကီရာလေးတွေဖြစ်ကုန်ရော....။တချို့ဆို...လက်အုပ်လေးချီ...
ခါးလေးတွေတောင် လှုပ်လိုက်သေး....။သည့်စ်တိုင်းဖော်....ပျော်ပျော် ပါးပါး...က ပေါ့လေ.....။

၂း၁၅။ ။

မောလာပြီ...၊ညောင်းလည်းညောင်းလာပြီ...၊အာတွေလည်းခြောက်လာပြီ..။အထဲမှာဈေးအရမ်းကြီးတယ်..၊ဘာမှ
ဝယ်မသောက်နဲ့ဆိုလို့ ဝယ်မသောက်ရဲဘူး....။လူတွေကတော့ လေဒီဂါဂါနဲ့ ဟုတ်နေကြပြီ...။

၂း၄၀။ .

သီချင်းသံရပ်သွားတယ်....။စလိုက်မီးတွေပိတ်ပြီးရိုးရိုးမီးတွေဖွင့်လိုက်တယ်...။လူတွေရုပ်တရက်ကြောင်ကုန်ရော..။
ဒီဂျေက ခေတ္တအအေးသောက်ချိန်နားပါမယ့်အကြောင်း၊ဒီအတွက် ကလပ်ပိတ်ချိန်ကို ၅နာရီမှ ၆နာရီသို့ ရွေ့ပေး
ကြောင်းကြေငြာပါတယ်...။

ချက်ချင်းဆိုသလိုရဲတွေရယ်...၊မန်နေဂျာလို့ထင်ရတဲ့သူရယ်..၊ကိုယ်ပိုင်လုံခြုံရေးအစောင့်တွေရယ်ဝင်လာပါတယ်...။
ဘယ်သူ့ကိုမှ ဘာမှမမေးပါဘူး...။အနောက်ဘက် အခန်းတစ်ခုထဲတန်းဝင်သွားပါရော...။လူတွေလည်း တီးတိုးတီးတိုးတွေဖြစ်ကုန်ရော...။

အဖော်တစ်ယောက်ကတော့ပြောတယ်..။သူ အိမ်သာသွားတုန်းက ကောင်လေးတစ်စု ရုတ်ရုတ်၊ရုတ်ရုတ် ဖြစ်နေတဲ့အကြောင်း...၊ဒီကတိတွေ ပြဿနာရှာတာဖြစ်နိုင်ကြောင်း...။သူပြောလို့မှ မဆုံးသေးဘူး..ကောင်လေး ငါးယောက်၊ခြောက်ယောက်လောက်ကို ရဲကအနောက်ဘက်ခန်းထဲက ခေါ်ထုတ်သွားပါလေရော......။

ဦးဆောင်ခေါ်လာတဲ့ ညီငယ်ကပြောပါတယ်...“ကျွန်တော်ဒီလာတာအခေါက်ပေါင်းမနဲတော့ဘူး...၊ရန်တွေလည်း
ဖြစ်တော့ဖြစ်ကြတာပဲ။ဖြစ်လည်း လုံခြံရေးနဲ့ ရဲတွေရောက်လာပြီး ဖြစ်တဲ့သူတွေကို ဆွဲထုတ်ပြီး အပြင်က
ကွန်တိန်နာထဲ ပစ်ထည့်လိုက်တာပဲ၊ ဒါပေမယ့် ခုလို ပွဲရပ်လိုက်တာ ဒါပထမဆုံးကြုံတာပဲဗျ...၊ကြည့်ရတာ ခင်ဗျားပါလာလို့ ဖြစ်ရမယ်...” တဲ့...။

သူကနောက်လိုက်တာပါ...။ဒါပေမယ့် ကျွန်တော်က “ အော်..ငါ့နှယ်...ဒီခေတ်နဲ့ အပ်စပ်လိုက်ပုံများတော့ ပြောစရာကိုဖြစ်ရော...” လို့တွေးမိလိုက်သေး...။ဘာပဲပြောပြော အမောလည်းဖြေ၊အညောင်းလည်း ဖြေရင်း...
အချိန်ကိုအကျိုးရှိအောင်ထိုင်ငိုက်နေလိုက်ပါတယ်...။

၃း၁၅။ ။

ပြန်စပါပြီ...။မီးတွေမှိန်၊သီချင်းပြန်ဖွင့်လိုက်ပြီဆိုတာနဲ့ အားလုံးက တညီတညွတ်တည်း၊ ဝေး.....လို့အော်ကြတော့
တာပါပဲ...။ချက်ချင်းဆိုသလို အားလုံးဟာ သီချင်းသံနဲ့အတူ ပုံမှန်ပြန်ဖြစ်သွားကြပါတယ်...။ဒါပေမယ့်ကျွန်တော်
ကတော့ ပြန်ချင်ပြီ..။သွေးကအေးသွားပြီကိုး...။

၃း၃၀။ ။

ပြန်ကြရအောင်...လို့ အဖော်တွေကို ခေါ်ပြီး ပြန်ထွက်လာကြပါတယ်...။

၁၀း၀၀။ ။

“ ဘယ်လိုလဲ အကို...ညက အဆင်ပြေရဲ့လား...ပြန်ရတာ...၊ ပျော်ရောပျော်ရဲ့လား...”

“ အင်း...အဆင်ပြေပါတယ်ညီရ..ညီတို့ပြန်သွားပြီး ချက်ချင်း Taxi ရပါတယ်...၊ပျော်လည်း ပျော်ပါတယ်ဟ...”

“ နောက်တပတ် သွားရင်လိုက်ဦးမှာလား...”

“ အင်း..လိုက်တာပေါ့ကွာ...”

(ကိုယ်နဲ့ သိပ်တော့ မအပ်စပ်တာတော့အမှန်...ဒါပေမယ့် နောက်တခေါက် ထပ်သွားကြည့်ဦးမယ်....:D )

Friday, November 19, 2010

I'm my own grandpa





ဘာရယ်မဟုတ်ပါဘူး..။ပေါက်ပေါက်ရှာရှာလေးတွေ့မိလို့ ဆားချက်လိုက်တာ...။

Wednesday, November 17, 2010

ဘာလုပ်မှာလဲသူငယ်ချင်း

ဘာလုပ်မှာလဲ သူငယ်ချင်း


မြို့ကြီး ပြကြီးတဲ့လား.....

တောကြီးဥပဒေသက ဟုန်းဟုန်းထလို့ကောင်းတုန်း......

အဲဒီ မြို့တောကြီး အရိုင်းဆန်လိုက်ပုံက....

ကမ္ဘာဖြင့်မီးမလောင်သေး....

ကိုယ့်လည်ချောင်းသွေး ကိုယ်ပြန်သောက်နေပြီ.....။

ဟောဒီမြို့တောကြီးမှာ....

ဘုရားသခင်နဲ့ ဗြဟ္မစိုရ်တရား....

နှစ်ပါးစလုံးမတတ်နိုင်တာတွေ အများကြီး.....

ဒီတော့ သူငယ်ချင်း......မင်း.....

ကစားမှာလား....နားမှာလား.....

နားမှာဖြင့်နား....

ကစားချင်သပဆိုရင်....

သမင်လုပ်တမ်းလား...ကျားလုပ်တမ်းလား......

ခံစရာရှိခံ၊စားစရာရှိစား...

အရမ်းတော့ လွမ်းမနေပါနဲ့လား....။


Sunday, November 7, 2010

ကမ်းမဲ့တိမ်

“ ဂွတ်နိုက် ဘော့စ် ”

“ဂွတ်နိုက် လင်း.. ”

ကောင်တာမှာ တစ်နေ့စာ စာရင်းတွေချုပ်နေတဲ့ အရောင်းစာရေးမလေး လင်း ကို ပြန်နှုတ်ဆက်လိုက်ပြီး သူကား
ဆီသို့ ဆင်းလာခဲ့ပြီး အိမ်အပြန်လမ်းဆီသို့ကားကိုဦးတည်မောင်းနှင်လာခဲ့ပါတယ်...။PIEလမ်းမကြီးပေါ် ရောက်
တာနဲ့ကားကက်ဆက်ကိုဖွင့်လိုက်တယ်...။ထူးအိမ်သင်ရဲ့ကြယ်တွေစုံတဲ့ည သီချင်းသံက လွမ်းလွမ်းဆွေးဆွေး နဲ့
ရင်ထဲအထိအရောက်ဝင်လာခဲ့တယ်...။

အင်းးးးးးဒီနေ့ အောက်တိုဘာ ၂၆ ရက်နေ့ပဲ....။
သူ့ဘဝရဲ့ တဆစ်ချိုးအမှတ်တရနေ့တစ်နေ့ပါလား....။လွန်ခဲ့တဲ့ ၁၁နှစ်....ဒီလိုညမှာ သူပျော်ခဲ့သလား....၊
ဝမ်းနည်းခဲ့လား....၊သူမမှတ်မိတော့ပါဘူး...။အင်းးးးးးမမှတ်မိချင်တော့တာ၊မမှတ်မိချင်ယောင်ဆောင်နေခဲ့တာ
ဆိုရင် ပိုမှန်လေမလား...။လွန်ခဲ့တဲ့ ၁၁နှစ်၊ဒီလိုအချိန်မှာ သူတို့ရဲ့ မင်္ဂလာဧည့်ခံပွဲကို ဆင်နွှဲနေခဲ့တာပဲ...။

“ ......မျှော်လင့်ခြင်းများရယ်...အိမ်ပြန်ချိန်များရယ်.....” ထူးအိမ်သင်ရဲ့ကရုဏာသံက ငြိမ့်ငြိမ့်လေးထွက်ပေါ်နေ
ဆဲ..သူ ကားကို လမ်းမကြီးပေါ်မှ အိမ်ရှိရာ Eunos exit ဆီသို့  ကွေ့ထွက်လာခဲ့ပါတယ်....။နောက် ငါးမိနစ်ဆို သူ့ အိမ်ရှိရာသို့ရောက်တော့မှာပါ။ဒါပေမယ့်သူအိမ်မပြန်ချင်သေး...၊အထူးသဖြင့် ဒီလိုညမျိုးမှာ သူ မပြန်ချင်သေးပါ။
သူ့အတွက် အိမ် ဆိုတာ အဆောက်အအုံတစ်ခုဆိုတာထက် ဘာမှပိုလို့ အဓိပ္ပါယ်ရှိတော့တာမှ မဟုတ်တာပဲ...။
သူ့အတွက် အိမ်ပေါက်ဝမှာ စောင့်ကြိုနေမယ့်သူ တစ်စုံတစ်ယောက်မှ ရှိမနေခဲ့တာပဲလေ...။

ဒါဆို ဘယ်သွားရကောင်းမလဲ....။ကက်သရင်း ဒါမှမဟုတ် စင်ဒီ့ဆီ ဖုံးဆက်ပြီး ကလပ်သွား၊ အမူးသောက်လိုက်ရ
ကောင်းလေမလား...။ဟင့်အင်း....၊သူ ပူတဲ့အရက်နဲ့ လောင်တဲ့ရမ္မက်တွေ ကို မတပ်မက် မိတော့တာကြာခဲ့ပြီ..။
သူအခုချိန်မှာ တောင့်တနေမိတာက အေးမြတဲ့ ချစ်ခြင်းမေတ္တာတွေ....။

ချစ်ခြင်းမေတ္တာဆိုတာနဲ့ အတွေးထဲကို အရင်ဆုံးဝင်ရောက်လာတာက အေးချမ်းတဲ့အပြုံးနဲ့ အမြဲနားလည်မှုပေး
နိုင်ခဲ့တဲ့ဖေဖေ....။ခုတော့ ဖေဖေတစ်ယောက် ငြိမ်းချမ်းရာဘုံဘဝမှာ ထာဝရအိပ်စက်အနားယူသွားပါပြီ..။
ပြီးတော့ တည်ကြည်၊ပြတ်သားတဲ့၊အမြဲတင်းတင်းစေ့ထားတတ်တဲ့ နှုတ်ခမ်းတွေနဲ့အတူ နူးညံ့တဲ့မျက်ဝန်းတွေ
ပိုင်ဆိုင်တဲ့ မေမေ...။ပြီးတော့......ပြီးတော့.....မွန်.....မြတ်နိုးမွန်....၊အရည်လည်နေတဲ့မျက်လုံးဝိုင်းလေးတွေနဲ့
ချစ်တဲ့ မွန်....။

ဘယ်ဘက်ရင်အုံမှ စူးရှတဲ့ နာကျင်မှုကြောင့် သူ...အသက်ပြင်းပြင်းရှူရင်း ညာဘက်လက်ဖြင့် ရင်အုံကိုဖိထား
လိုက်မိသည်...။ရင်နာရပါတယ်လေ....။သူ ချစ်ခင်ရသူတွေ၊သူ့ကို ချစ်ခင်ခဲ့သူတွေအကြောင်းကို တွေးမိတိုင်း ယခုလိုဖြစ်ရတာကြာခဲ့ပါပြီ...။ဆေးရုံသွားပြီး နှလုံးကို စစ်ဆေးကြည့်ဖို့သူ မကြိုးစားခဲ့ပါ...။သူ ဘာဖြစ်နေတယ်
ဆိုတာ သူအသိဆုံးမဟုတ်ပါလား...။

စိတ်မှတ်မဲ့နှင့်ပင် သူ ကားလေးကို သူသွားနေကြ အရှေ့ဘက်ကမ်းခြေဆီသို့ ဦးတည်မောင်းနှင်နေမိသည်။
ကမ်းခြေမှ ကားပါကင်တွင် ကားရပ်ထားခဲ့ပြီး သူ ကမ်းခြေသို့ဆင်းလာခဲ့သည်။ကမ်းခြေကတော့ ခါတိုင်းလိုပင်
သူ့ကို တိတ်တိတ်ဆိတ်ဆိတ် ကြိုဆိုနေမြဲ...။ပိတ်ရက်လည်းမဟုတ်၊ညဥ့်လည်းနက်လှပြီမို့ ကမ်းခြေတွင် လူသူ
ကျဲပါးလှ၏။ထိုင်နေကြကျောက်ဆောင်မှာထိုင်ရင်း စီးကရက်တစ်လိပ်ကို မီးညှိ ရှိုက်ဖွာလိုက်မိသည်။

ကောင်းကင်ကိုမော့ကြည့်မိတော့ “ ည ” ကား ကြယ်တို့ဖြင့် စုံနေလေပြီ...။သူ့ရင်ထဲမှာတော့ ပကတိအမှောင်...။
“ ဖေဖေ....၊မေမေ.....၊မွန်ရေ....” သူ့နှုတ်မှ တိုးတိုးလေးရွတ်ဆိုနေမိပါတယ်....။စိုဆွတ်တဲ့ အတွေ့ကြောင့် ပါးပြင်
ကို စမ်းမိတော့ မျက်ရည်တွေ.....။ဒီကမ်းခြေ၊ဒီနေရာ၊ဒီလိုညမျိုးမှာ သူမျက်ရည်ကျခဲ့တာသုံးကြိမ်တိုင်ခဲ့ပါပြီ...။

~~~~~~~~~~~~~~~~~~~~~~~~~~~~~

လွန်ခဲ့တဲ့ ဆယ့်လေးနှစ်တာကာလ....သူ့အသက် ၁၉နှစ်သားအရွယ်....ဒီမြေကို ခြေချကာစမှာ နာကျင်စိတ်တို့နဲ့
သူ မျက်ရည်ကျခဲ့ရသည်...။၁၉၉၆ ခုနှစ်၊သူ တက္ကသိုလ်ဒုတိယနှစ်အရောက်မှာ ကျောင်းတွေပိတ်သွားပါတော့
သူတို့ကျောင်းသားတွေ အားလုံး ယောင်ချာချာဖြစ်ကုန်ကြရသည်။ရည်မှန်းချက်ကြီးကြီးထားတဲ့၊ချမ်းသာကြွယ်ဝ
မှုကို လိုချင်တဲ့ သူ့အတွက်တော့ အခုလို ယောင်ချာချာအဖြစ်မခံနိုင်ပါ...။ဒါနဲ့ သူ ဦးလေးတစ်ဝမ်းကွဲတစ်ယောက်
ရှိရာ ဒီနိုင်ငံကို စွန့်စားထွက်ခွာခဲ့ဖို့ ဆုံးဖြတ်ခဲ့မိသည်...။

ထိုစဉ်အချိန်ကတော့ သူ့ထံတွင် စိတ်ဓာတ်တစ်ခုကလွဲလို့ ဘာမှမရှိခဲ့ပါ။ဘာကြိုတင်ပြင်ဆင်မှုမှ မလုပ်နိုင်ခဲ့.....။
ကံကောင်းသည်က ထိုစဉ်အချိန်က ဒီနိုင်ငံတွင် တင်းကြပ်မှုတွေ ယခုအချိန်လောက်မရှိသေး...။ဦးလေးတို့ မြန်မာအလုပ်သမားတစ်စု ငှားနေသောအိမ်တွင် ခိုကပ်နေရင်း သူ အလုပ်တစ်ခုရဖို့အတွက် ကြိုးစားရသည်။
ဦးလေးဖြစ်သူကလည်း သူကိုယ်တိုင်ကပင် သာမာန်ဝပ်ပါမစ်သမားဖြစ်လေတော့ သူ့အတွက်အကူအညီ များများ
မပေးနိုင်ခဲ့....။ကျောချစရာတစ်နေရာ ပေးခဲ့သည်ကပင် ကျေးဇူးတင်စရာမဟုတ်ပါလား...။

သူ ရသည့်နေထိုင်ခွင့် တလ အတွင်း အင်တာဗျူးများစွာဝင်ရောက်ခဲ့သည်။စကားပြောကောင်းကောင်းမရသည့်၊
လုပ်ငန်းအတွေ့အကြုံမရှိသည်၊့ သာမာန်လူငယ်လေးတစ်ဦးသာဖြစ်သည့် သူ့အတွက် အဘယ်မှာ အလုပ်ရနိုင်
ပါမည်နည်း..။သည်လိုနှင့် နေထိုင်ခွင့်ကုန်ဆုံးတော့မည့်နေ့မတိုင်ခင် သုံးရက်အလိုတွင် သူ စတိုးဆိုင်ကြီးတစ်ခု
တွင် အင်တာဗျူးဝင်ဖြစ်ခဲ့သည်။

ဆိုင်ပိုင်ရှင်ဖြစ်သူကအသက်လေးဆယ်အရွယ်အမျိုးသမီးကြီးတစ်ဦး.....။သူမ မေးသမျှ သူကောင်းကောင်း မဖြေ
နိုင်ခဲ့ပါ။သုံးလေးခွန်းမေးအပြီးမှာတော့ သူ့ကိုမရွေးချယ်နိုင်သည့်အတွက် ဝမ်းနည်းပါကြောင်းပြောပါတော့သည်။
သွားပြီ...။သူ၏နောက်ဆုံးကောက်ရိုးတမျှင်ကို လက်လွတ်လိုက်ရပြီ...။မြန်မာပြည်ကို မချမ်းသာမချင်း ပြန်မလာ
ဟု သူကြွေးကြော်ခဲ့မိသည်...။ခုတော့ အရှုံးတွေနှင့် သူအိမ်ပြန်ရတော့မည်...။

ရုတ်တရက် သူ ထိုင်ခုံမှမထနိုင်ခဲ့ချေ....။သူ့ရင်ထဲတွင် ခါးသီးသောအရှုံး နှင့်နာကျင်ခြင်းတွေက တမြေ့မြေ့
လောင်ကျွမ်းလျက်....။“ မင်းပြန်လို့ရပြီလေ...” သူမ၏စကားသံက သူ့အတွက် ဗုံးတစ်လုံးနှယ် ပေါ်ထွက်လာ၏။
ဟုတ်သည်....။သူပြန်ရတော့မည်...။သို့သော် သူမပြန်ချင်သေး...။ “ မင်းမှာ ဘာအခက်အခဲ ရှိလို့လည်း...”
နောက်ဆက်တွဲ မေးခွန်းတစ်ခုအောက်မှာ ဆယ့်ကိုးနှစ်သားကောင်လေးတစ်ဦး၏ တိုးတိတ် ရင်ဖွင့်သံတို့က
ထစ်ငေါ့စွာပေါ်ထွက်လာခဲ့သည်...။

“ ကျွန်တော်ပြန်မှာပါ...။ကျွန်တော့်အိမ်ကို အပြီးပြန်ရမှာပါ...။ကျွန်တော့်နေထိုင်ခွင့်က ကုန်ဆုံးတော့မယ်လေ...။
ဒါပေမယ့် ကျွန်တော်မပြန်ချင်သေးဘူး...။အထူးသဖြင့် အရှုံးတွေနဲ့ မပြန်ချင်သေးဘူး...”

အဲဒီနောက်မှာတော့ သူမ၏ စိတ်ပျက်လက်ပျက်အကြည့်တွေကို ကျောခိုင်းရင်းသူပြန်လာခဲ့ရသည်။ညနေခင်း
တွင် ဦးလေးဖြစ်သူက စိတ်ပြေလက်ပျောက်အဖြစ် ကမ်းခြေသို့ လိုက်ခဲ့ဖို့ ခေါ်သဖြင့် သူ ဒီကမ်းခြေသို့ ပထမဆုံး အကြိမ်ရောက်ရှိလာခဲ့သည်။ဦးလေးတို့ ဝိုင်းဖွဲ့နေသည့်နေရာနှင့်မလှမ်းမကမ်း ကျောက်ဆောင်ပေါ်တွင် တစ်ဦး
တည်း ထိုင်ရင်း ဘဝရဲ့အရှုံးတွေကို သူ...နင့်နင့်နဲနဲခံစားနေမိခဲ့သည်။နာကျင်ဝမ်းနည်းစိတ်တို့ကြောင့် မျက်ရည်
ကျခဲ့ရသည်....။

“ ဟေ့ကောင်.....ဟေ့ကောင်....ဒီမှာဖုံးဝင်လာပြီ...မင်း လာမယ့်တနင်္လာနေ့ကစပြီး အလုပ်ဝင်ရမယ်တဲ့ဟ...”

ဦးလေးဖြစ်သူ လှမ်းအော်လိုက်တဲ့စကားကို ရုပ်တရက် သူသဘောမပေါက်မိသေး...။သူဒီနေ့ စတိုးဆိုင်အင်တာ
ဗျူးတစ်ခုပဲဝင်ခဲ့တာပဲလေ...။အဲဒီတစ်ခုကလည်း သူ့ကို ငြင်းဆိုခဲ့ပြီးပြီပဲ...။

“ မင်း မနက်ကသွားဗျူးတဲ့ စတိုးဆိုင်ကတဲ့...” ဦးလေးရဲ့နောက်ဆက်တွဲစကားသံကြားတော့မှ သူ ရှင်းသွားတော့
သည်။ဝမ်းသာလိုက်သည်မှာ ပြောစရာမရှိတော့...။ အံသြခြင်းများစွာလည်းဖြစ်ရ၏။သို့သော် အကယ်၍ သူသာ အနာဂတ်ကို နှစ်အနည်းကယ်ခန့်ကြိုမြင်တတ်သူသာဖြစ်ခဲ့လျှင်တော့ အံသြခြင်းဖြစ်လိမ့်မည်မဟုတ်ပါ...။

ဤသို့ဖြင့် သူ ၎င်းစတိုးဆိုင်ဝန်ထမ်းတစ်ယောက်၏ဘဝကို တတ်ကြွပျော်ရွင်စွာ စတင်ခဲ့သည်။သူ့တာဝန်က
လည်း ပေါ့ပေါ့ပါးပါးသာဖြစ်သည်။ဆိုင်အတွင်း ဈေးဝယ်သူတို့ဖွသွားသမျှကို စနစ်တကျ ပြန်လည် စီပေးရုံ၊
ဖုံခါပေးရုံ၊စင်များပေါ်တွင်တင်ထားသော ပစ္စည်းများ လျော့နည်းနေပါက စတိုခန်းလေးအတွင်းမှ ထုတ်ယူဖြည့်
တင်းပေးရုံမျှသာ...။

ဆိုင်တွင် မန်နေဂျာမှအစ ဝန်ထမ်းအားလုံးက သူ့အပေါ် ခွဲခြားဆက်ဆံသည်ကို သူကောင်းစွာ သတိပြုမိခဲ့သည်။
သို့သော် သူစိတ်မပျက်ခဲ့ပါ..။ဆိုင်ရှင်သူဌေးမ မှ သူ့အပေါ်နားလည်မှုပေးခဲ့သည်ပဲ...။သူ့အပေါ် ကောင်းမွန်၊
ချိုသာစွာဆက်ဆံပေးခဲ့သည်။သူ၏စကားပြောတိုးတတ်လာစေရန် သင်တန်းတွေတတ်စေခဲ့သည်။ကားမောင်း
သင်တန်းတတ်စေ၍ လိုင်စင်ရယူပေးခဲ့သည်။ယဉ်မောင်းလိုင်စင်ရပြီးသည့်နောက်မှာတော့ သူသည် တစ်ကိုယ်
တည်းနေထိုင်သူ သူမ၏ လက်စွဲ ဖြစ်လာခဲ့ပြီ...။သူမသွားလိုရာသို့ သူ လိုက်ပါမောင်းနှင်ပို့ဆောင်ပေးရစမြဲ....။

ဒီလိုနှင့် တရက်မှာ သူတို့ အိမ်ပြန်နောက်ကျခဲ့သည်။ထိုညက သူ နေထိုင်ရာ အခန်းသို့ ပြန်မအိပ်ဖြစ်ခဲ့ပါ....။
ထိုစဉ်အချိန်က သူ ပျော်ရွင်ကျေနပ်ခဲ့ပါသလား...။မှန်တာပြောရလျှင် သူကျေနပ်ခဲ့၊ပျော်ရွင်ခဲ့သည်မှာအမှန်..။
သူ့စိတ်ထဲတွင် ငွေရဖို့၊သူ့လျောက်လှမ်းနေသည့်လမ်းကြောင်းဖြောင့်ဖြူးနေဖို့သာ အာရုံရှိနေခဲ့သည်။ဒီကိစ္စနှင့်
ပတ်သက်၍လည်း ဒီနိုင်ငံ၏ဓလေ့၊ဖြစ်ရိုးဖြစ်စဉ်တစ်ခုဟုပဲ သူခံယူထားခဲ့သည်။သူ့အတွက်အချိန်တန်လျှင် အရာ
အားလုံးကိုခွဲခွာ၍ အိမ်ပြန်မည်မဟုတ်ပါလား...။

သို့နှင့် သူ၏ပါမစ်သက်တမ်း နှစ်နှစ်ကုန်ဆုံးတော့မည်...။တနေ့တွင် သူမက သူနှင့်လက်ထပ်ဖို့ပြောလာတော့
သူ အံသြခြင်းကြီးစွာဖြစ်ခဲ့ရသည်။ဒါသူမျှော်လင့်မထားတဲ့အခြေအနေတစ်ရပ်နှင့် ထိတ်တိုက်တွေ့ဆုံလိုက်ရခြင်း
ပင်...။သူဘာလုပ်ရမည်နည်း...။သူ့တွင်ရွေးချယ်စရာရော အမှန်တကယ်ရှိပါရဲ့လား..။ပြီးတော့ သူကိုယ်တိုင်
လက်ရှိဘဝမှာ သာယာနေမိပြီ...။

သူလွယ်လွယ်ပင် ဆုံးဖြတ်ခဲ့ပါသည်...။သူ သူမနှင့်လက်ထပ်မည်။နိုင်ငံသားအဖြစ်ခံယူတော့မည်...။
ဖေဖေနှင့်မေမေ ကိုဖွင့်ပြောဖို့ရာ သူအတော်အားမွေးယူရသည်...။အထူးသဖြင့် မေမေ...။ဖေဖေကတော့ သူ့ကို
နားလည်ပေးမှာသေချာသည်။ထင်မှတ်ထားသည့်အတိုင်းပင် ဖေဖေက “ မင်းအရွယ်ရောက်ပြီပဲ...။ကိုယ်ဘာ
လုပ်နေတယ်ဆိုတာကိုယ်သိရင် ပြီးတာပဲလေ...၊တစ်ခုတော့ရှိတယ် လူဆိုတာ ကိုယ်စိုက်ပျိုးသမျှကို ကိုယ်ရိတ်
သိမ်းရတယ်ဆိုတာကိုတော့ သားသိထားပေါ့လေ...” ဟုပဲပြောခဲ့သည်..။

“ အေး ငါသေရင်လည်း ဘယ်တော့မှမလာနဲ့၊မင့်အကြောင်းလည်း နောက်ငါမကြားချင်ဘူး...။နင့်မှာ ခံစား တတ်
တဲ့ နှလုံးသား ရှိသေးရင်တော့ ငါ မိဖြူတို့သားအမိကို ဘယ်မျက်နှာနဲ့ ရင်ဆိုင်ရမလဲဆိုတာတော့ ပြောခဲ့...”
မေမေ့စကားတွေက သူ့အတွက်တော့ ရင်ဝကို မြားအစင်းစင်းခ သလိုခံစားခဲ့ရသည်။ဟုတ်သည်...။သူမေ့ထား
ခဲ့သည်...။မမေ့နိုင်သည့်တိုင်မေ့ချင်ယောင်ဆောင်ထားခဲ့သည့် တစ်စုံတစ်ယောက်....။

မွန်.....။
သူ၏ ကျောင်းတတ်ဖော်သူငယ်ချင်းလေး....၊ငယ်စဉ်ကတည်းက တလမ်းတည်းအတူနေလာခဲ့သည့် ငယ်ပေါင်း။ ဆယ်တန်းအရောက်မှာ သူတို့နှစ်ဦး ချစ်သူတွေဖြစ်ခဲ့ကြသည်။ချစ်သူဖြစ်ပြီး ခြောက်လပင်မကြာ၊နှစ်ဘက်မိဘ
တွေသိသွားခဲ့သည်။အမေတစ်ခု၊သမီးတစ်ခု ဘဝမှာ မွန့်မေမေက ကျေနပ်သဘောတူခဲ့သည်။ဖေဖေနှင့်မေမေ
တို့ကမူပြောစရာမရှိတော့...။နာမည်နှင့်လိုက်အောင် မွန်ရည်သည့်၊အမြဲအားငယ်၊ရှက်ရွံ့နေတတ်သည့် မွန့်ကို
နကိုကပင် သူတို့သမီးငယ်လေးလိုသဘောထားခဲ့သည်ပဲ...။တစ်နေ့တွင် လက်ထပ်ပေးဖို့ သဘောတူခဲ့ကြသည်။

“ မွန်ရေ.....။ငါ့ကိုခွင့်မလွတ်ပါနဲ့....။ဒီဘဝတင်မဟုတ်၊နောင်ဘဝအဆက်ဆက် နင်..ငါ့ကို ခွင့်မလွတ်ပါနဲ့နော်...”

ထိုညက သူတစ်ယောက်တည်း ဒီကမ်းခြေမှာ လာထိုင်ပြီး မျက်ရည်ဖြိုင်ဖြိုင်ကျရင်း တိုးတိုးရွတ်ဆိုမိခဲ့သည်...။

ဒီနောက်တွင်တော့ သူ့ဘဝသည် လက်ညိုးညွှန်ရာရေ မဖြစ်သည့်တိုင် လိုတိုင်းရနိုင်သည့်ဘဝ....။အတိတ်ကို သူ
မေ့ထားလိုက်ပြီ....။အနာဂတ်ကို သူမစဉ်းစားတော့...။နိုင်ငံတလွား ဆိုင်ခွဲအတော်များများရှိသော လုပ်ငန်းရှင်
သူဌေးလေးဘဝကို သူရောက်သွားခဲ့သည်။အရှင်မွေးတော့ သူနေချင်းကြီးခဲ့ပြီ...။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

လွန်ခဲ့တဲ့ ၃နှစ်မှာတော့ သူ၏ကျေးဇူးရှင် ဆုံးပါးသွားခဲ့သည်...။ရှိရှိသမျှပစ္စည်းဥစ္စာတို့၏ ထက်ဝက်တိတိကို
သူပိုင်ဆိုင်ရရှိခဲ့သည်။သည့်နောက်တွင်တော့ သူ့ဘဝသည် မျောလွင့်နေသော တိမ်တိုက်ပမာပင်...။
သူနေချင်သလိုနေခဲ့သည်.....။သောက်သည်....။စားသည်...။မိန်းမချောလေးတွေကို ထည်လဲတွဲခဲ့သည်...။

သို့သော် သူမပျော်တော့....။သူ့တွင်ပျော်စရာတို့ရှားပါးလာခဲ့ပြီ....။အရာရာကို စိတ်တိုင်းမကျဖြစ်လာခဲ့သည်။
သူဘာလိုချင်သလဲဆိုတာ ဘယ်သူမှမသိတော့...။သူကိုယ်တိုင်ပင် သူလိုချင်နေသည့်အရာကို မသိနိုင်ခဲ့ပြီ...။
သူ...တစ်စုံတစ်ရာကို လိုက်ရှာနေခဲ့သည်...။ပြင်းပြသော ငတ်မွတ်ခြင်းဖြင့် သူလိုက်ရှာမိခဲ့သည်...။သို့သော်
ထိုအရာကား သူကျင်လည်ရာ ပတ်ဝန်းကျင်တွင်မရှိ.....။ထိုအရာကား သူနှင့်အဝေးဆုံးမှာ ကျန်ခဲ့ပြီ....။သူ ထား
ခဲ့သည့်နေရာတွင်ပင် ထိုအရာကားကျန်နေခဲ့ချေပြီ...။သူပြန်လှည့်ဖိုရာ မဖြစ်နိုင်တော့...။

သူစိုက်ပျိုးခဲ့သည့် သီးနှံကို ယခုချိန်တွင် သူရိတ်သိမ်းရချေပြီ....။
အရာရာကား သူ့အတွက်ပြီးဆုံးလေပြီ...။
သူ..ရှင်လျက်နှင့်သေရပြီ....။

~~~~~~~~~~~~~~~~~~~~~


ဤတွင်ပြီး၏ ဟူ၍၎င်း၊ ဤတွင်မပြီးသေး ဟူ၍၎င်း ယူသော်ရ၏