Sunday, September 15, 2013

ကျွန်ုပ်နင့်အသက်ငါ့ပေး ဆရာကြီးညိမ်းနိုင် နှင့် ဒေါ်လာ၁၁ဘီလျံပျောက်ဆုံးမှုကြီး



တစ်နေ့သ၌ကျွန်ုပ် နင့်အသက်ငါ့ပေးဆရာကြီးညိမ်းနိုင်သည် မနက်မိုးလင်း၍မှ တစ်ထွာသော ဝမ်းအတွင်း
သို့ ဖြည့်တင်းစရာ တစ်စုံးတစ်ရာလည်းမရှိသည့်အပြင် ကျွန်ုပ်အား ပုံမှန်ဆပ်ပလိုင်းလုပ်နေကြပဲပြုတ်သည်
ကြီးဒေါ်ပုသည်လည်း အရင်းပြုတ်၍ ငုတ်တုတ်ဘဝသို့ ရောက်ရှိနေလေသောကြောင့် ယနေ့အဖို့ အူမ
မတောင့်သည့်အတူတူ သီလပဲစောင့်တော့မဟဲ့ဟု ရည်မှန်းပြီးသကာလ ရေနွေးကြမ်းတစ်အိုး၊ဇိနတ္ထပကာ
သနီကျမ်းတစ်အုပ်တို့ကိုအဖော်ပြုနေစဉ်အခိုက်၊ အိမ်ရှေ့တံခါးဝမှ “ ဆရာကြီး…..ဗျိုး…ဆရာကြီး….”ဟု
တကြော်ကြော်ခေါ်သံကိုကြားလိုက်ရလေလျှင် ဟယ်…..စုန်း၊နတ်၊ကဝေ၊မြေဘုတ်၊ဘီလူး…တစ်ဦးဦး၏
ဖမ်းစားခြင်းကိုခံရပြီးသကာလ….ငါ့ထံသို့ အားကိုးတကြီးဖြင့် လာရောက်သော အမဲ…အဲလေ…လူနာ
တစ်ဦးတော့ ရောက်လာချေပြီဟူသော နှလုံးရွှင်လန်းခြင်းဖြင့် ကျမ်းစာအုပ်ကို ဘုတ်ကနဲချပြီးလျှင်
အိမ်ရှေ့တံခါးအားဖွင့်ပေးလိုက်လေရာ…..အင်းစိန်ထောင် ဟုတ်ပေါင်…ယောင်လို့…..အင်းစိန်စီအိုင်ဒီ
မှ ငံပြာရည်ပုလင်းမျှစ်မောင် အား ပြူးတူးပြဲတဲအမူအရာနှင့် မားမားကြီးရပ်နေသည်ကို တွေ့လိုက်ရ
လေတော့သည်တကားးးးးးးးးးး။

ကျွန်ုပ်လည်း သင်း၏ မျက်နှာပြဲပြဲကြီးကို မြင်လျှင် စိတ်အပျက်ကြီးပျက်ရသော်လည်း ပညာရှိတို့
အမျက်အပြင်မထွက်ရ ဟူသောစိတ်ကို နှလုံးမူပြီးသကာလ ငံပြာရည်ပုလင်းကောင်အား အိမ်တွင်း
သို့ ခေါ်သွင်းရလေတော့၏။

ကျွန်ုပ်။     ။ ကိုင်း……

ကျွန်ုပ်လည်း ဤသို့ ရှေးဦး ပဏာမစကားဖြင့် အစပြုလိုက်သည်ရှိသော် ငံပြာရည်ပုလင်းသည် ထိုင်
မည်ပြင်နေရာမှ ကုန်းကုန်းကွကွသော ဟန်အမူအရာဖြင့် ကျွန်ုပ်အား ပြူးကြောင်ကြောင် ကြည့်လျက်
ရှိလေတော့သည်တစ်မုံ….၊

ကျွန်ုပ်။    ။ဟဲ့…မောင်မျှစ်ရဲ့…..ထိုင်မယ့်ဟာထိုင်လေကွယ်….ဘယ်နှာ ကုန်းကုန်းကြီးလုပ်နေရသတုန်း

ငံပြာရည်ပုလင်း။   ။နို့……ဆရာကြီးပဲ ကိုင်း…… ဆို…… ၊ဆရာက ကိုင်း ဆိုတော့ ကျွန်တော့ခါးကို ကိုင်း
                         ထားရတာဗျ…။

ကျွန်ုပ်။     ။သေတော့မှာပဲကွာ…..မင့်ကို ခါးကိုင်းဖို့ပြောတာမဟုတ်ဘူး….၊စကားစဖို့ အာလုပ်ပြုလိုက်
               တာပါဟ….။ကိုင်း…..ကိုင်း……ထိုင်ပါမောင်ရာ….၊ပြီး…လာရင်းကိစ္စကို လင်းစမ်းပါဦး။
               ဒါနဲ့ မင်းဆရာ ဆားပုလင်းအွတ်ထောင်ရော မပါလာဘူးလား….။

ငံပြာရည်ပုလင်း။     ။ ကျွန်တော့်ဆရာက  ဆားပုလင်းမဟုတ်တော့ဘူး ဆရာကြီးရ…၊ခု သူ ရာထူး
တက်ပြီး လျက်ဆားပုလင်းဖြစ်….အဲ….မှားလို့ ရဲမင်းကြီးဖြစ်ပြီး တရုတ်ပြည်ကိုပြောင်းသွားပြီဆရာရဲ့…။
ခု ကျွန်တော်က သူ့နေရာရောက်နေတာ…။

ကျွန်ုပ်။    ။အော်….ဟုတ်လား….ကောင်းပါလေ့ မောင်ရာ….၊ဒါဖြင့် မောင်ရင်က ငံပြာရည်ပုလင်းမဟုတ်
တော့ပဲ ဆားပုလင်းဖြစ်ပြီပေါ့ ဟုတ်လား….။

ငံပြာရည်ပုလင်း။     ။ဟင့်အင်း….ကျွန်တော့်ကို ဆားပုလင်းရာထူးပေးပေမယ့် မယူဘူးဗျ….၊ငံပြာရည်
ပုလင်း လုပ်ရတာပဲကောင်းတယ်ဆိုပြီး ရာထူးတိုးပေးတာလက်မခံဘူး….။မျိုးချစ်စိတ်ဓာတ်ပေါ့ ဆရာ
ကြီးရာ…..။

ကျွန်ုပ်။    ။ဟမ်…..မျိုးချစ်စိတ်ဓာတ်နဲ့ ဘာဆိုင်သတုန်းဟ….၊ကြည့်ရတာ မင်းက ရာထူးတိုးပေးတာကို
လက်မခံတာမဟုတ်ပဲ၊ရာထူး ကို မတိုးနေပါလိမ့်မယ်ကွာ…။ကဲ…ထား…..ခု လာရင်းကို လင်းစမ်ပါဦး။

ငံပြာရည်ပုလင်း။    ။အကြောင်းကတော့ အတော်ကိုအရေးကြီးတယ်ဆရာကြီးရေ….အခု အစိုးရပိုင်း
တစ်ခုလုံး ပွက်လောရိုက်နေကြလေရဲ့…..။

ကျွန်ုပ်။     ။ဟုတ်လား…..ဘာတွေဖြစ်ကုန်လို့တုန်း…၊ဆရာစံကိုလည်းကြိုးပေးပြီးသွားပြီပဲ…ဘာတုန်း…
ခုတစ်ခါလည်း လယ်သမားတွေ ထွန်တုံးတိုက်ပွဲဆင်ကြပြန်ပြီတဲ့လား….။

ငံပြာရည်ပုလင်း။    ။အောင်မလေးဆရာရယ်…..လယ်သမားတွေ ထွန်တုံးတိုက်ပွဲလောက်တော့ အစိုးရ
က ဘယ်မှုမတုန်း….၊သူရို့က တင့်ကားတိုက်ပွဲတို့၊သံချပ်ကာကားတိုက်ပွဲတို့ ပြန်ဆော်လိုက်ပေမပေါ့။
ခုဟာက အစိုးရဘဏ်တိုက်ထဲက ဒေါ်လာ၁၁ဘီလျံ ပျောက်သွားလို့ဗျ…….။

ကျွန်ုပ်။    ။ဟေ…..ဒေါ်လာ၁၁ဘီလျံတောင်…..၊ဟကောင်ရ…ဟုတ်မှလည်းလုပ်ပါကွာ…ဒေါ်လာ၁၁
ဘီလျံကို ခိုးထုတ်ဖို့ဆိုရင် ဟီးနိုးကားကြီးနဲ့ကို တိုက်ထုတ်မှရမှာဟ…ဘယ်လိုလုပ် ဖြစ်နိုင်မလဲ…။

ငံပြာရည်ပုလင်း။    ။အဲ့သာကြောင့်ပဲ ဆရာကြီးကိုလာပင့်ရတာပါပဲဗျာ…။

ကျွန်ုပ်။    ။ဟမ်……ဒီအမှုက ခိုးမှုကြီးပဲဟ…ငါလို ဂမ္ဘီရဆရာနဲ့ ဘာဆိုင်သတုန်း….။

ငံပြာရည်ပုလင်း။     ။ဆိုင်မဆိုင်တော့မပြောတတ်ပါဘူးဆရာကြီးရာ…၊ကျွန်တော်လည်းအထက်က
 ခိုင်းလို့လာရတာပါပဲ….။

ကျွန်ုပ်။   ။အထက်က….ဟုတ်လား…၊ကြည့်ရတာ အထက်ပုဂ္ဂိုလ်ကြီးတွေက သူတို့တပည့်ကြီးတစ်ဦး
စားရမဲ့၊သောက်ရမဲ့ဖြစ်နေတာမကြည့်ရက်တာနဲ့ မချင် စ ချင်လို့ မင့်ကို အိမ်မက်ပေးပြီး ငါ့ကို
အခေါ်လွတ်လိုက်တာပဲဖြစ်ရမယ်…ဟုတ်တယ်မဟုတ်လား….။

ငံပြာရည်ပုလင်း။     ။ဘယ်က အထက်ပုဂ္ဂိုလ်ကြီးတွေတုန်းဗျ…၊ကျွန်တော်ပြောတဲ့ အထက်က
ဆိုတာ ကျွန်တော့်အထက်အရာရှိတွေကိုပြောတာ…..၊ခက်တာပဲ….။

ကျွန်ုပ်။    ။ဟေ…အဲ့လိုလား…စောစောကတည်းက ရှင်းရှင်းပြောပါတော့လားဟ….၊ဒါနဲ့နေပါဦး
မင့်အထက်အရာရှိတွေက ငါ့ကို ဘာလုပ်ဖို့ ခေါ်ခိုင်းသတုန်း….၊ငါ့ဘာသာ ဗေဒင်ဘာလေးဟော၊
ပယောဂလေးဘာလေး ခြောက်တီးခြောက်ချက်ကုနေတာပါကွာ….၊ငါးပါသီလဆိုလည်း ခါးဝတ်
ဘောင်းဘီလို မြဲပါတယ်ကွ…၊သူတပါးပစ္စည်းခိုးဖို့နေနေသာသာ…ရည်းစားကလာခိုးပါဆိုတာ
တောင် သွားမခိုးဝံ့လို့ လူပျိုကြီးဖြစ်နေတာသာကြည့်….။

ငံပြာရည်ပုလင်း။    ။ဆရာကြီးနဲ့တော့ ခက်ချေပြီ…၊ဆရာကြီးကိုမသင်္ကာလို့မဟုတ်ပါဘူးဗျ၊
အဲ့ဒီငွေပျောက်မှုကြီးကို ဆရာကြီးနဲ့ပညာစွမ်းနဲ့ဖော်ထုတ်ဖို့ လာပင့်တာပါ..။ဒီမှာ….ကျွန်တော့်
အထက်ကအရာမင်းတွေက အဲ့ဒီလို အောက်လမ်းတို့၊အထက်လမ်းတို့၊ဗေဒင်တို့၊ယတြာတို့ဆို
သိပ်ယုံတာဗျ…၊တလောက ကျွန်တော်တို့ ဝံကြီးတစ်ပါး ပြုတ်တော့မလိုလို၊ပြောင်းတော့မလိုလို
ဖြစ်တော့ ဗေဒင်ဆရာခိုင်းတဲ့အတိုင်း ပြောင်းဖူးနှစ်ဖူး ဘယ်ညာကိုင်၊လမ်းပေါ်ထွက်ပြီး ပြောင်းဘူး…
ပြောင်းဘူး…..ဟင့်အင်း…ဟင့်အင်း……သများတို့ ပြောင်းဘူးနော်…..လို့ ၉၉ခါတိတိအော်သတဲ့။

ကျွန်ုပ်။    ။အင်း…အဲ့ဒီတော့ မပြောင်းရဘူးတဲ့လား….။

ငံပြာရည်ပုလင်း။   ။ပြောင်းတော့မပြောင်းရဘူး…၊ချောင်ထိုးခံလိုက်သတဲ့…၊ဖြစ်ပုံက သူ့ဗေဒင်ဆရာ
က အဲ့လိုအော်ပြီးရင် ပြောင်းဖူးတွေကို ဘုရားစင်ပေါ်တင်ထားပါဆိုတာ သူကမေ့ပြီး မီးဖိုချောင်ထဲ
သွားထား ထားလို့ဆိုပဲ….။

ကျွန်ုပ်။    ။အိမ်း…..အိမ်း……ဗေဒင်ယတြာတို့ဆိုတာ ကုသိုလ်တရားလေး လက်ကျန်ရှိနေတုန်း
တော့စွမ်းသပေါ့မောင်ရာ….၊ဘဝေဘဝါက ကုသိုလ်တရားတွေလည်းကုန်၊လက်ရှိမှာလုပ်ထားသမျှ
အကုသိုလ်တရားတွေအစွမ်းပြချိန်ရောက်ပြီဟဲ့ ဆိုရင် ဘာမှမတတ်နိုင်တော့ဘူးကွယ်၊လုပ်သမျှ အမှားမှား၊အယွင်းယွင်းတွေလုပ်မိကုန်တော့တာပါပဲ…။ကဲကဲ….ဒီတော့ ကျုပ်က ဒီအမှုကြီးကို
ဖော်ထုတ်ပေးရမယ်ဆိုပါတော့….။အိမ်း…အိမ်း….ခုနှစ်ရက်သားသမီးဗိုလ်ချုပ်ကြီးများ အဲ….
ယောင်လို့….ခုနှစ်ရက်သားသမီးများ ကောင်းစားဖို့ဆိုတော့ တတ်သည့်ပညာမနေသာပဲ
လိုက်ပြီး ဖြီးဖြန်းရပေမပေါ့ မောင်ရာ…၊အဲ….လောလောဆယ်တော့ ကျုပ်မယ် မနက်စာတောင်
မစားရသေးတော့ နီးရာလက်ဘက်ရည်ဆိုင်မှာ ဒကာလိုက်ခံပေဦးတော့ ငံပြာရည်ပုလင်းမျှစ်မောင်
ရေ….။

ငံပြာရည်ပုလင်း။    ။ဆရာကြီးကတော့ လုပ်ချလိုက်ပြန်ပါပြီဗျာ……။

~~~~~~~~~~~~~~~~~~~~

ဤသို့လျှင် ကျွန်ုပ်လည်း ဟာနေသောဝမ်းအား မျှင်မောင်ဒကာခံသမျှ အားပါးတရ ဖြည့်ပြီးလျှင်
အင်းစိန်စီအိုင်ဒီမှ အော်စတင်ကားမဲလေးနှင့် အခင်းဖြစ်ပွားရာ အစိုးရငွေတိုက်သို့ ထွက်ခွာလာ
ခဲ့လေတော့သတည်း…..။

အစိုးရငွေတိုက်ကား ကြီးမားခန့်ညားလှပါပေသည်။သံတံခါးအထပ်ထပ်နှင့် လုံခြုံစိတ်ချရပါပေ၏။
အစိုးရငွေတိုက်အတွင်း၌ကား လုံခြုံရေးပုလိပ်အချို့နှင့် စီအိုင်ဒီမှ အရာရှိအချို့အားတွေ့ရလေသည်။
မြောက်မြားလှသော ငွေပျောက်မှုကြီးဖြစ်ပွားထားသော်လည်း အရာရှိများက အေးအေးဆေးဆေးပင်
ရပ်စကားပြောနေသည်ကို တွေ့ရလေသည်။ဧကံဏတော့ ကျွန်ုပ်၏အစွမ်းကိုသိပြီးဖြစ်သည့်အလျောက်
စိတ်ချလက်ချရှိနေပုံရလေတော့သည်တစ်မုံ့….။

ငံပြာရည်ပုလင်းမျှစ်သည် ကျွန်ုပ်အား သူ၏အထက်အရာရှိရဲမင်းကြီးနှင့်မိတ်ဆက်ပေးလေ၏။
ရဲမင်းကြီးမှာ ကျွန်ုပ်အား ခပ်ပြုံးပြုံးကြည့်ပြီး ကောင်းမွန်စွာ စကားပြောလေသည်။

ရဲမင်းကြီး။    ။ခုလိုမြန်မာပညာရှိကြီးတစ်ဦးနဲ့တွေ့ဆုံရတာ အင်မတန်မှ ဝမ်းသာလှပါတယ်။
ဆရာကြီးရဲ့ ဂုဏ်သတင်းကျောစောမှုကို ကြားဖူးတာတော့ကြာပါပြီ။ခုလိုဆရာကြီးကိုယ်တိုင်
လိုက်ပါဆောင်ရွက်မယ်ဆိုတော့ ကျွန်တော့်အနေနဲ့ စိတ်ချလက်ချရှိရပါပြီဗျာ….။

ရဲမင်းကြီးစကားမှာ ကျွန်ုပ်အား မြှောက်ပင့်ပြောဆိုသလိုရှိသော်လည်း မှန်တာပြောတာပြော
ပါစေလေဟု……အသာငြိမ်နေလိုက်ပြီးလျှင် ငွေတိုက်ပတ်ဝန်းကျင်နှင့် အတွင်းအပြင်တစ်ဝိုက်
တွင် အဘယ်မည်သောအောက်လမ်းအစီအရင်များပြုလုပ်ထားသနည်းဟု ကျွန်ုပ်၏ဂမ္ဘီရပညာ
နှင့် စုံစမ်းဖော်ထုတ်ရန် ထွက်ခွာလာလေတော့သတည်း……။

အတန်ကြာမျှ စုံစမ်းကြည့်ရှုသော်လည်း မသင်္ကာစရာ တစ်စုံတစ်ရာမျှမတွေ့ရချေ…၊ဆိုခဲ့
ပြီးသည့်အတိုင်းပင် ငွေတိုက်တစ်ခုလုံးမှာ အင်မတန်မှ လုံခြုံစိတ်ချရပေ၏။သော့များလည်း
အရာမှမယွင်းဟုသိရလေ၏။

ကျွန်ုပ်။    ။အိမ်း……ဒီငွေပျောက်မှုကြီးက ထူးတော့အတော်ထူးဆန်းသကွ….။

ငံပြာရည်ပုလင်း။    ။အင်း…ကျွန်တော်တို့အတွက်တော့ ထူးဆန်းတယ်လည်းပြောရင်ရရဲ့…၊
မထူးဆန်းဘူးဆိုရင်လည်းရတာပဲဆရာကြီးရဲ့…..။

ကျွန်ုပ်။     ။ဟေ…မောင်ရင့်စကားက တစ်မျိုးပါလား…အကျယ် လင်းစမ်းပါဦး….။

ငံပြာရည်ပုလင်း။    ။အကျယ်လင်းချင်ရင် လေးပေမီးချောင်း ဝယ်ထွန်းပေါ့ဆရာကြီးရ…..။

ကျွန်ုပ်။    ။တယ်….ဒီကောင်…နောက်တီးနောက်တောက်နဲ့…..မင့်စကားအဓိပ္ပာယ်ကိုရှင်း
ပါဦးလို့ပြောတာဟ….။

ငံပြာရည်ပုလင်း။       ။အဟီး….စတာပါဆရာကြီးရာ…ဂလိုဗျ….၊ပြောရရင် ကျွန်တော်တို့
နိုင်ငံပိုင်ပစ္စည်း၊ငွေကြေးတွေ အဲ့လိုပဲ ဘယ်ရောက်ရောက်သွားမှန်းမသိ ပျောက်သွားတာ
ခဏခဏဆိုတော့ ကျွန်တော်တို့မှာ စုံစမ်းဟ၊ဖမ်းဟဆီးဟ ဆိုလို့သာ ဝတ္တရားကြေရုံ၊
လူမြင်ကောင်းရုံ စုံစမ်းကြတာကလား….၊ဘယ်အမှုမှလည်း ပေါ်တယ်မရှိပါဘူးဆရာ
ကြီးရာ….။

ကျွန်ုပ်။     ။ဟေ..အဲ့သလိုကြီးလား….၊အင်းကြည့်ရတာ ရွှေသမင်ဘယ်ကထွက် မင်းကြီး
တာကထွက် ဆိုသလိုမျိုးထင်ပါ့…..။

ငံပြာရည်ပုလင်း။     ။ရှုး…..တိုးတိုးဆရာကြီးရဲ့….ကြမ်းကြားလေကြားဆိုတာ ပြောလို့ရတာ
မဟုတ်ဘူး….တော်ကြာ နှစ်ယောက်စလုံး ကွိနေပါ့မယ်….။

ကျွန်ုပ်။     ။အိမ်း…အိမ်း…..နို့….ဒီငွေပျောက်မှုကြီးကရော…..မနေ့ကမှ ပျောက်တာဟုတ်ရဲ့
လားကွာ….။

ငံပြာရည်ပုလင်း။    ။ပြောရရင်ဆရာကြီးရေ….၊ငွေတိုက်ထဲကငွေတွေ ဘယ်တုန်းကတည်းက
ခြေထောက်ပေါက်လို့ ထွက်သွားမှန်းမဆိုနိုင်ဘူးဆရာကြီးရဲ့….၊သိရသလောက်တော့
ဟိုးနိုင်ငံရပ်ခြားမှာဖွင့်ထားတဲ့ ဘဏ်စာရင်းတွေထဲ ရောက်ကုန်တာ ကြာလှပါရောလား၊
ခုတောင်မှ ဟို တစ်ပူးဂျာနယ်က ပြည်သူတွေမှာဖြင့် ငတ်ပြတ်နေပြီ….၊အစိုးရငွေတိုက်ထဲ
ဒေါ်လာ၁၁ဘီလျံရှိတယ်လို့သတင်းသဲ့သဲ့ကြားတယ်….ဘယ်မလဲဒီငွေ……စသဖြင့်ဘာညာ
အော်တော့မှ ငွေတွေအခိုးခံရသလိုလို၊ဘာလိုလိုလုပ်ရတာပဲဆရာကြီးရ….။

ကျွန်ုပ်။    ။ဟေ….အဲ့သလိုလား…၊နို့..ဒါနဲ့ အစိုးရငွေတိုက်ကို စာရင်းစစ်တွေက မှန်မှန်စစ်
ကြတာပဲမဟုတ်ဘူးလား….၊အစောပိုင်းမှာ နဲနဲပါးပါးပျောက်ကတည်းက အစိုးရဆီ မတင်ပြ
ကြတော့ဘူးတဲ့လား….။

ငံပြာရည်ပုလင်း။    ။အံမာလေးလေး…..၊ဟိုးအရင်က နဲနဲမှန်မှန်ကန်ကန်ရှိတဲ့ စာရင်းစစ်
အဖိုးကြီးတစ်ဦးက ငွေတွေလျော့နေကြောင်း၊ဘယ်ဝံကြီး၊ဘယ်ဝံကလေးတွေက လာထုတ်
သွားကြောင်းကို နန်းရင်းဝန်ဆီတင်သေးသတဲ့…..၊အဲ….မကြာပါဘူး….၊အဲ့စာရင်းစစ်အဖိုး
ကြီးကို ထုတ်ပလိုက်လို့ တောပြန်ပြီး မုန့်ဟင်းခါးရောင်းစားနေရသတဲ့ဗျ….။သနားစရာဗျာ
တလောက ကျွန်တော်တွေ့တော့ အဖိုးကြီးခမျာ စွပ်ကျယ်စုတ်ကလေးနဲ့ ရေထမ်းနေရ
လေရဲ့….။အဲ့ အဖိုးကြီးနောက်ပိုင်း စာရင်းစစ်တွေကတော့ ဒီကိစ္စကို လေသံတောင်မဟကြ
တော့ဘူးရယ်….။အင်း…..သူတို့ကိုယ်တိုင် တစ်နွယ်ငင်တစ်စင်ပါမို့လား….၊ရေထမ်းရတဲ့
ဘဝရောက်မှာစိုးကြသလားတော့မပြောတတ်ဘူးရယ်…..။

ကျွန်ုပ်။    ။အင်း…..ခက်တာပဲကွာ….၊ဒါနဲ့….မင်းတို့ နန်းရင်းဝန်ကြီးကရော….ဘာမှ
မပြောဘူးတဲ့လား….၊မင်းတို့ပြောတော့ နန်းရင်းဝန်ကြီးက အတော်လေးဖြောင့်မှန်ဆို
ကွ….။

ငံပြာရည်ပုလင်း။     ။ပြောရရင်ဆရာကြီးရယ်….၊ကျွန်တော်တို့ နန်းရင်းဝန်ကြီးဆိုတာ
ကလည်း စစ်အာဏာရှင်ဗျစ်တစ်သျှဘုရင်ခံက ခန့်ထားတာကိုးဗျ…၊ဟိုဘုရင်ခံကြီးက
သူပြောသမျှ နာခံမယ့်သူကို ခန့်ထားတာဆိုတော့ဗျာ….၊အင်း…..နန်းရင်းဝန်ကြီးက
ဘာနဲ့တူသတုန်းဆိုတော့ ကျောက်ရုပ်ကြီးကို ဓာတ်ပြားစက်တပ်ထားသလိုပါပဲဗျာ။
ဘုရင်ခံက ခလုပ်နှိပ်မှ အသံထွက်ရတာကိုး…..၊ဒါတောင် ဓာတ်ပြားတွေကလည်း
အပ်ကြောင်းထပ်၊ဓာတ်စက်ကြီးကလည်း အိုပြီဆိုတော့ ထွက်လာတဲ့အသံက တုန်တုန်
ရီရီနဲ့ တစ်ခါလာလည်း ဒါပဲ…တစ်ခါလာလည်း ဒါပဲ…..ဗျ…။သူ့ ဝံကြီး၊ဝံကလေးအပေါင်း
ကလည်း ဘုရင်ခံကတိုက်ရိုက်ခန့်ဖို့ ရကောမန်းအပေးခံထားရတဲ့ သက်တော်ရှည်ဝံတွေ
ဆိုတော့ နန်းရင်းဝန်ကြီးကို ဖုတ်လေတဲ့ငပိရှိတယ်လို့တောင် ထင်ပုံမရပေါင်ဗျာ……။

ကျွန်ုပ်။    ။ဟူး….မင်းပြောတဲ့အတိုင်းဆိုမလွယ်ပါလားကွာ….။ကဲ…ဒါဖြင့် ကျုပ်က ဒီအမှု
ကို ဘယ်နှာလုပ်ဖော်နိုင်မတုန်း….၊ဒါကြီးက ဂမ္ဘီရပညာတွေ၊အောက်လမ်းအထက်လမ်းတွေ
နဲ့ပက်သတ်တာလည်းမဟုတ်….၊အမှုက လယ်ပြင်မှာ ဂေါ်ဇီလာသွားသလို ထင်ရှားနေမင့်
ဟာ….။

ငံပြာရည်ပုလင်း။     ။ဟာ…. ဆရာကြီးမဖော်လို့တော့မရဘူးဗျ…၊ဒီငွေတွေဟာ ဘယ်ပုံ
ဘယ်နည်းပျောက်သွားပါတယ်လို့ သတင်းစာသမားတွေကို ဆင်ခြေဆင်လက်တော့ပေး
ရမယ်ဗျ….၊ယုတ္တိ၊ယုတ္တာတော့ ရှိဖို့မလိုပေါင်ဗျာ…၊နိုင်ငံသားတွေကိုတော့ ထည့်ကိုမတွက်
ပါဘူး…။

ကျွန်ုပ်။     ။ဒါဖြင့် ကျုပ်က ဘယ့်နှာ ဖော်ရမတုန်း…..။

ငံပြာရည်ပုလင်း။    ။လွယ်ပါတယ်ဆရာကြီးရာ….၊ဆရာကြီးကို ပင့်ကတည်းက ကျွန်တော်
တို့မှာ ရည်ရွယ်ချက်ရှိပြီးသားဗျ….၊ဒီမှာ….ဆရာကြီးကနေပြီး ဒီငွေတွေကိုဖြင့် ဂမ္ဘီရပညာတွေ
မှာ အင်မတန်တော်တတ်ထက်မြက်တဲ့ ဟိုးတုန်းက သူခိုးကြီးငတက်ပြားလို လူစွမ်းကောင်း
ပညာရှင်တစ်ယောက်ကဖြင့် ခိုးယူသွားတာဖြစ်ကြောင်း၊အဲ့ သူခိုးကြီးကဖြင့် ငွေတွေကို ဟိမဝန္တာ
တောင်မှာရှိတဲ့ မဟာမြိုင်တောထဲမှာ သွားဖွက်ထားကြောင်း၊နိုင်ငံလွတ်လပ်ရေးရမှ ပြန်ပေး
လိမ့်မယ်ဖြစ်ကြောင်း ပြောလိုက်ရုံပဲဗျ…..။

ကျွန်ုပ်။    ။ဟကောင်ရ…နိုင်ငံလွတ်လပ်ရေးရလို့ အဲ့ငွေတွေပြန်ပေါ်မလာရင် ငါ့ကို ဝိုင်းထောင်း
ကြမှာပေါ့ဟ…။

ငံပြာရည်ပုလင်း။   ။ဆရာကြီးရာ….နိုင်ငံမှာ စစ်မှန်တဲ့လွတ်လပ်ရေးလည်း ဘယ်တော့မှရမှာ
မဟုတ်ဘူးဗျ…၊ရလာတဲ့အချိန်ကြရင်လည်း အဲ့ငွေတွေဘုန်းတဲ့သူတွေလည်း သေပြီ။ဆရာကြီး
လည်း မာလကီးယားပြီဖြစ်မှာမဟုတ်လားဗျာ…၊ဒီမှာ ကျွန်တော်တို့က လောလောဆယ်အချိန်
ဆွဲထားရုံပါဗျ…။အဲ့လိုသာပြောစမ်းပါဗျာ…..ဒီမှာ…ဆရာကြီးကို ညဏ်ပူဇော်ခ ဖွတ်ကလိဒင်္ဂါး
တွေရော၊ရွေစလွယ်ကြီးရောချီးမြှင့်မှာပါဗျ…။

ကျွန်ုပ်။    ။သေနာလေး….ငါ့ကိုတောင် မာလကီးယားမလေးဘာလေးနဲ့….၊အင်းလေ….
ငါလည်း ခုတလော ဘိုင်ပြတ်နေလေတော့ အဲ့သလိုပဲလုပ်ရမှာပဲ ငါ့ကောင်ရေ့…..။

ဤသို့ဖြင့် ကျွန်ုပ်လည်း ငံပြာရည်ပုလင်းမျှစ်မောင်ပြောခိုင်းသည့်အတိုင်း သတင်းထုတ်ပြန်
အဲ….ဟောကိန်းထုတ်ခဲ့ပြီးလျှင်….စီးကရက်ဘူးခွံများဖြင့်ပြုလုပ်ထားသော ရွှေစလွယ်ကြီးအား
ခန့်ခန့်ကြီး လွယ်လျက် ဆိုက်ကားစီးကာ အိမ်ပြန်ခဲ့လေတော့သတည်း….။အိမ်သို့ရောက်
သော်…. ဤအော့နှလုံးနာစရာကောင်းလှသော ငွေပျောက်မှုကြီးအား နောင်လာနောင်သား
တို့ သိရှိနိုင်စေရန်….ကျွန်ုပ်၏ ဒိုင်ယာရီထဲ၌ “ ကျွန်ုပ်နင့်အသက်ငါ့ပေးဆရာကြီးညိမ်းနိုင်နှင့်
ဒေါ်လာ၁၁ဘီလျံပျောက်ဆုံးမှုကြီး” ဟု မှတ်တမ်းတင်ရေးသားထားလိုက်လေတော့သတည်း။

(ဤတွင် နင့်အသက်ငါ့ပေးဆရာကြီးညိမ်းနိုင်နှင့် ဒေါ်လာ၁၁ဘီလျံပျောက်ဆုံးမှုဝတ္ထုမဟာ
ကြီး နိတ္ထိတံလေတော့သတည်း။ဤဝတ္ထမဟာကြီးသည် ကျွန်ုပ်မောင်ညိမ်းနိုင်ကလေး
ဘီယာကြောင်ကြောင်ပြီး ပေါက်ကရလေးဆယ်ရေးသားထားခြင်းဖြစ်လေသည်။အကယ်၍
အပြင်လောက၌ တိုက်တိုက်ဆိုင်ဆိုင် ဤကဲ့သို့ဖြစ်ပွားခဲ့သည်ရှိသော် တိုက်ဆိုင်သည်ဟု
ယူဆလိုကယူဆနိုင်၏။တမင် စောင်းမြောင်း၊ကဲ့ရဲ့၊ကလိထားသည်ဟု ယူဆလိုကယူဆ
နိုင်ပါကုန်ကြောင်း……အို…..စာရှုသူ…ရဲဘော်အပေါင်းတို့…….)

Tuesday, September 10, 2013

ကြိုးတန်း လမ်းလျှောက်ကြရသူများ


တစ်ခုသောမိုးနံနက်ခင်းတွင်ဖြစ်သည်။ကျွန်တော်အိပ်ယာမှနိုးလာတော့ နံနက်ရှစ်နာရီခန့်ရှိပြီ။ကိုယ်လက်
သန့်စင်ပြီးနောက် ထမင်းစားပွဲပေါ်မှအုပ်ဆောင်းအားဖွင့်ကြည့်မိတော့ အမေဝယ်ပေးထားခဲ့သော ပဲပြုတ်
တစ်ပန်းကန်ကိုတွေ့လိုက်ရသည်။ပဲပြုတ်လေးများမှာ ညိုလွင်သန့်စင်လှသည်။ထိုပဲပြုတ်လေးများ နူးဖို့၊
ပွဖို့ စားဆော်ဒါတွေထည့်ကြရသည်။စားဆော်ဒါဆိုတော့ကိစ္စမရှိသေး၊နောက်ပိုင်းတွင်ရောင်းပန်းလှစေ
ဖို့ အရောင်ချွတ်ဆေးတွေပါသုံးကြသည်တဲ့…။

မတတ်နိုင်၊သူ့ဘာသာ ဘာပဲပါပါလောလောဆယ်တော့ ပဲပြုတ်နှင့်တမင်းကြမ်းကို ဆီဆမ်းဆားဖြူပြီး
ကော်ဖီလေးနှင့် မျောချမည်။အင်း….ဆီကရော….၊စားအုန်းဆီက ဘာဖြစ်တယ်ညာဖြစ်တယ်ဆို၍
ပဲဆီပဲ အိမ်မှာသုံးနေသည်မှကြာပြီ…။ထိုပဲဆီဆိုသည်မှာလည်း စားအုန်းဆီကိုပင် အနံ Scent ထည့်
ပြီး ပဲဆီဟုပြောရောင်းကြသည်တဲ့…။အချို့မှုန့်တွေကလည်း ဘာ၊ညာ ရောဂါပေါင်းစုံဖြစ်သည်ဟု
ပြောကြရေးပြန်သဖြင့် အချို့မှုန့်မစားရဲပဲ ကြက်သားမှုန့်ပြောင်းသုံးသည်။ဟိုတလောကပင် အဆိုပါ
ကြက်သားမှုန့်တွေကလည်း မစားသင့်ဆိုကြပြန်သည်။ဟုတ်တော့လည်းဟုတ်သည်။ဒီခေတ်ကြက်
သားဈေးနှင့် ကြက်သားမှုန့်ချည်းသက်သက်တော့ မရနိုင်၊အခြားပစ္စည်းတွေရောရမည်။ဘာတွေရော
သနည်း၊ဘယ်လိုဓါတုပစ္စည်းတွေပါသနည်း…..။

ဒုတိယံပိမတတ်နိုင်ပါ။ကျွန်တော်တို့သာမန်လူများအဖို့ ဒီပဲပြုတ်၊ဒီဆီ၊ဒီကြက်သားမှုန့်များကိုပင်
သုံးနိုင်အောင် ပြူးပြဲပြီးရှာဖွေနေရသည်ပဲ။ဒါမှမစားချင်လည်း ငတ်မည်။ဒီအတွေးနှင့်ပင် ကိုယ့်ဘာသာ
ဖြေသိမ့်ပြီး ကော်ဖီတစ်ခွက်ဖျော်ရသည်။ကော်ဖီမစ်များထဲတွင် မကျီးစေ့မှုန့်များရောသည်၊အုန်းမှုတ်၊
အုန်းဆံဖတ်များအမှုန့်ကျိတ်ထည့်သည်။ရေနွေးတွင်ပျော်ဝင်လွယ်စေဖို့ဓာတုပစ္စည်းများသုံးသည်၊
နို့မှုန့်များတွင်လည်းမယ်လမင်းဓာတ်တွေပါသည် ဟုပြောကြသဖြင့် ကော်ဖီမစ်မသောက်ပဲ ကော်
ဖီမှုန့်ဝယ်ပြီးကိုယ့်ဘာသာ အိမ်မှာဖျော်သောက်သည်။အင်း……သိပ်တော့လည်းမထူး…ကျွန်တော်
တို့ သုံးနေသည့် နို့ဆီတွေကရော….၊(ရေရောပြီး)နွားနို့တစ်ပုလင်းကို ငါးရာပေးရသည်။နို့ဆီတစ်ဘူး
ကို ခြောက်ရာပေးရသည်။နွားနို့တစ်ပုလင်းကိုချက်လို့ ဘယ်နည်းနှင့်မျှ နို့ဆီတစ်ဘူးမရနိုင်။ဒီတော့
ဒီနို့ဆီဘူးထဲတွင် ဘာတွေပါသနည်း။ကျွန်တော်တို့ငယ်ငယ်က စည်သွပ်ဘူးနို့ဆီဆိုသည်မှာ အခွင့်
ထူးခံလူတန်းစားတွေသာသုံးနိုင်သည့်အရာ…၊ကိုယ်တွေကတော့ ချက်နို့ဆီကိုသုံးကြရသည်။နို့ကို
ချက်သည်မှန်သော်လည်း တွက်ချေကိုက်ဖို့ ဖွဲနုမှုန့်တွေရောကြသည်။ဖွဲနုနံလေးတစ်ထောင်းထောင်းနှင့်
ပေါ့။နောက် ချက်နို့ဆီများတွင် တာရှည်ခံရန် လူသေအလောင်းများမပုပ်ရန် ထိုးသောဆေးတစ်မျိုး
ကိုထည့်ကြသည်ဟု ကြားဖူးသည်…။အင်း…..ယခုခေတ် စည်သွပ်ဘူးနို့ဆီများတွင်ရော….တာရှည်
ခံရန်အဘယ်သို့သော ဓာတုပစ္စည်းများကိုထည့်သွင်းအသုံးပြုကြပါလိမ့်။နာမည်ကျော် နယူးဇီလန်မှ
နို့မှုန်များပင် ကျမ်းမာရေးနှင့်မညီညွှတ်သဖြင့် ပြန်သိမ်းကြရသည်။တရုတ်နို့မှုန့်များကတော့ မပြော
ပါနှင့်တော့…..။

မုန့်ပဲသရေစာတွေ၊ကိတ်မုန့်၊ပေါင်မုန့်များတွင်လည်း တာရှည်ခံရန်၊အမြင်လှရန် ဓာတုပစ္စည်းပေါင်း
စုံသုံးကြသည်။မုန့်ဟင်းခါးဟင်းရည်ထဲ အနံမွှေးစေဖို့ ဓာတုပစ္စည်းတွေထည့်ကြသည်။အကြော်
ကြော်သည့်အခါ ကြွတ်ရွနေစေဖို့ ပလတ်စတစ်တွေထည့်ကြော်ကြသည်။မည်သည့်အကြော်အလှော်
ဆိုင်မဆို မဲညစ်နေသော ဆီများကို ထပ်ကာတလဲလဲသုံးနေကြသည်။ထန်းလျက်ခဲကိုပင် အရောင်
ပြောင်းစေဖို့ ဓာတုပစ္စည်းများသုံး၍ အရောင်ချွတ်ကြသည်တဲ့….။

ကျွန်တော်တို့မြန်မာလူမျိုးများ၏အသဲစွဲ ငပိရည်ထဲတွင် ယူရီးယားဓာတ်မြေသြဇာတွေပါသည်တဲ့၊
၉၀ရာခိုင်နှုန်းတွင်တဲ့….။ငရုတ်သီးမှုန့်ထဲတွင်ပါသော မှိုသည် အသဲကင်ဆာ၊အသဲရောင်အသားဝါ
ဘီ၊စီ တို့ကိုဖြစ်စေနိုင်သည်တဲ့…။ငရုတ်သီးမှုန့်ကို အရောင်လှစေရန် ဓာတုဆိုးဆေးတွေသုံးကြ
သည်တဲ့….။အသီးအနှံတွေကရော….ဘာထူးသေးသနည်း….၊ငှက်ပျောသီးများကို တစ်ရက်အတွင်း
ဝင်းပလာစေရန် ဓာတုဆေးရည်များတွင်စိမ်ကြသည်။ဖရဲသီး၊ပန်းသီးများကို ဆေးထိုးကြသည်။
ရွက်ဖြန်းမြေသြဇာတွေ၊ပိုးသတ်ဆေးတွေ တရားလွန်သုံးကြသည်။အသီးအနှံများကို မစားခင်
 စုံထောက်ကြီးဦးစံရှား စုံစမ်းသည့်အလား အနံ့ခံရသည၊် တစ်ရွက်ခြင်း၊တစ်ဖတ်ခြင်းကို ပြူးပြဲ
ကြည့်ရသည်။ဆားရည်၊ရေနွေး၊ရေအေးပေါင်းစုံတွင် ဆေးကြောရသည်။ကိုယ့်အိမ်မို့လို့ ကိုယ်
ဒီလိုလုပ်နိုင်သော်လည်း စားသောက်ဆိုင်များတွင် သွားရောက်စားသောက်ကြသည့်အခါ…..
 မည်သို့ လုပ်ကြရပါမည်နည်း။

ပုလင်းသွပ်အစားအစာများကရော….၊ရဲပတောင်းခပ်နေသော ငရုတ်ဆီပုလင်းများတွင် အဘယ်မည်သော
ဆိုးဆေးများ၊ဓာတုပစ္စည်းများပါ ပါသနည်း၊ခရမ်းချဉ်သီးဆော့သည် အမှန်တကယ် ခရမ်းချဉ်သီးအနှစ် နှင့်
ထုတ်လုပ်ထားပါသည်လား….၊အသီးအနှံပေါင်းစုံနာမည်များတံဆိပ်ကပ်ထားသော အချိုရည်ပေါင်းစုံများ
ကရော….၊အရောင်၊အဆင်းအနံ၊အရသာ ရှိစေဖို့နှင့် ဈေးကွက်တွက်ခြေကိုက်ဖို့ရာ အဘယ်မည်သော
ဓာတုပစ္စည်းများ သုံးထားပါသနည်း….။

စီးကရက်နှင့်အရက်သည် ကျမ်းမာရေးနှင့်ထိခိုက်စေသည်မှာ တကမ္ဘာလုံးသိကြသည်။သိသည့်အလျောက်
ပုံစံမျိုးစုံကန့်သတ်ကြသည်။သောက်သုံးသူတို့မှလည်း မသောက်ရမနေနိုင်လို့ သောက်သုံးကြသည့်တိုင်
ဘေးအန္တရာယ်မှအသက်သာဆုံးဖြစ်စေရန် ရွေးချယ်သောက်သုံးကြသည်။စီးကရက်ဆိုလျှင် နီကိုတင်းနှင့်
ကတ္တရာ အနဲဆုံးပါသော light စီးကရက်အမျိုးအစားကိုရွေးချယ်ကြသည်။ကျွန်တော်တို့မြန်မာပြည်တွင်
လက်ရှိဈေးကွက်အတွင်း၌စီးကရက်တံဆိပ်အမျိုးအစားတစ်မျိုးတည်းသာရှိသည်။ထိုတံဆိပ်နှင့်စီးကရက်
သည်လည်း စီးကရက်အမျိုးအစားတစ်မျိုးတည်းသာ ဖြန့်ချီသည်။ထိုစီးကရက်တွင် နီကိုတင်းနှင့်ကတ္တရာ
အချိုးအစားဘယ်လောက်ပါဝင်သည်လည်းဆိုတာ မဖော်ပြပါ။ကျွန်တော်တို့တွင်  ရွေးချယ်စရာဘာမှ
မရှိပါ။သို့သော်ထိုစီးကရက်ကို မည်သည့်အကန့်အသတ်မှမရှိပဲ ၁၀နှစ်သားလေးများပါမကျန် ပေါပေါ
လောလောကြီး ဝယ်ယူသောက်သုံးနိုင်ပေသည်။

အရက်ကရော……ဘာထူးပါသနည်း။တလောက ပြည်တွင်းအရက်ချက်စက်ရုံတွင်အလုပ်လုပ်နေသော
သူငယ်ချင်းတစ်ဦးနှင့်စကားစပ်မိတော့ သူကယခုလိုပြောပြသည်။သူ့တို့စက်ရုံသည် အပြင်လူအဝင်
အထွက်ကို အင်မတန်စည်းကမ်းတင်းကျပ်သည်တဲ့၊အရက်စပ်သည့်အခန်းဆိုလျှင် ဆိုင်ရာတာဝန်ရှိသူ
သာဝင်ခွင့်ရှိသည်တဲ့…၊သူတို့စက်ရုံ၏အရက်စပ်ဖော်မြူလာကိုလူသိမခံလိုသောကြောင့်တော့မဟုတ်
တဲ့….၊အခန်းထဲတွင်သိုလှောင်ထားသော ဓာတ်မြေသြဇာအိတ်များကို လူမသိစေလိုသောကြောင့်
သာဖြစ်သည်တဲ့….။ကောင်းပြီ။ပြည်တွင်းဖြစ်အရက်များကို စိတ်မချပါက နိုင်ခြားဖြစ်အရက်များကို
သောက်သုံးနိုင်ပါသည်။မြန်မာပြည်တွင် အမျိုးအစားအစုံဆုံး၊ရွေးချယ်ရန်အများဆုံးအရာမှာ အရက်
သာဖြစ်သည်။သို့သော် အဆိုပါနိုင်ငံခြားဖြစ်အရက်များသည် အစစ်ဖြစ်နေလိမ့်မည်ဟု မည်သူမျှ
အာမမခံနိုင်ပါ။ဈေးကြီးလှသော အနှီးနိုင်ငံခြားဖြစ်အရက်များကို မည်သို့ ပုလင်းသွပ်ထားသည်
ဖြစ်စေ၊ပုလင်းဝတွင် အဘယ်မည်သော ဘောစေ့ အစရှိသည်တို့ခုခံထားသည်ပဲဖြစ်စေ၊ကျွန်တော်
တို့မြန်မာပြည်တွင် အတုထုတ်နိုင်ပါသည်။ကဲ……ကျွန်တော်တို့ မည်သို့ရွေးချယ်ရပါမည်နည်း။

ရုပ်ကို အာဟာရစောင့်သည်ဟုဆိုကြသည်။ကျွန်တော်တို့ အသက်ခန္ဓာလေး တည်မြဲနေစေဖို့
အစားအသောက်များ စားကြရသည်၊ရသာတဏှာလည်းမည်သူမျှ မကင်းနိုင်သေးသည်မို့ လျှာ
ရင်းမြက်စေမည့်ကောင်းနိုးရာရာလေးများကို ရွေးချယ်စားသုံးကြသည်။သို့သော် ကျွန်တော်တို့
စားသောက်သမျှတွင် ကျမ်းမာရေးအတွက်အကျိုးမရှိသည့်အပြင် ဆိုးကျိုးကိုပေးသော ဓာတု
အဆိပ်ပေါင်းစုံတို့ ပေါင်းစပ်ပါဝင်လျက်ရှိနေပေပြီ။တနည်းအားဖြင့် ကျွန်တော်တို့ပတ်လည်
တွင် ဘေးအန္တရာယ်များဝန်းရံနေပေပြီ။

အစားအသောက်တစ်ခုတည်းပင်လော…..မဟုတ်သေး….။
တစ်ရက်သားတွင်  မိတ်ဆွေတစ်ယောက်အိမ်သို့ ကျွန်တော် ဆိုင်ကယ်နှင့်ထွက်လာခဲ့သည်။ဆိုင်ကယ်စီး
ဦးထုတ်ကို မေးသိုင်းကြိုးနှင့်တစ်ကွဆောင်းထားပါသည်။စက်ဘီး၊ဆိုင်ကယ်များ ဥဒဟိုသွားလာနေသည့်
လမ်းမကြီးပေါ်တွင်ဖြစ်သောကြောင့် တစ်နာရီ ကီလို၃၀သာသာဖြင့် မှန်မှန်လေးစီးလာခဲ့သည်။ထိုအချိန်
တွင် ကျွန်တော့်မျက်နှာချင်းဆိုင်ယဉ်ကြောမှ ဘတ်စ်ကားကြီးတစ်စီးကို ခရီသည်တင်ဟိုင်းလပ်လိုင်း
ကားလေးမှ အသဲအသန်ကျော်တက်လာသည်။ဘတ်စ်ကားကြီးကလည်း အလျော့မပေး၊လိုင်းကား
လေးကလည်း ဟွန်းသံတညံ့ညံ့နှင့်မြန်နှုန်းမြှင့်ပြီးကျော်တက်သည်။ရန်ကုန်-ပြည်လမ်းသည်နှစ်လမ်း
မောင်းလမ်းသာဖြစ်သည်။ မျက်နှာချင်းဆိုင်မှ ကျွန်တော်ပင် လွတ်လမ်းမမြင်၍ ဆိုင်ကယ်ကို ကပျာ
ကယာ ဘေးထိုးဆင်းလိုက်ရသည်။ထောင်းကနဲထွက်လာသော ဒေါသနှင့်အတူ ထိုလိုင်းကားကို
လှည့်ပြီး ဆဲတော့မည်ပြင်တော့ ကိုရွှေဟိုင်းလပ်လိုင်းကားလေးမှာ လှမ်းဆဲလို့မကြားနိုင်သောနေရာ
သို့ရောက်သွားလေပြီ။ထိုကားလေး၏နောက်မြီးပိုင်းတွင်မတော့ နည်းပညာတက္ကသိုလ်ကျောင်း
ဝတ်စုံနှင့် လူငယ်လေးများ လေးငါးယောက်က တွဲလွဲခိုလျက် တစ်လွင့်လွင့်နှင့်ပါသွားသည်ကို
စိတ်မချမ်းသာဖွယ်တွေ့နေရသည်။

မသွားမဖြစ်၊မစီးမဖြစ်သဖြင့် နိစ္စဓူဝ သွားလာနေရသော ကျောင်းသားများ၊ရုံးသမားများ၏အသက်
သည် လိုင်းကား ဒရိုင်ဘာတို့လက်ထဲတွင်သာ ဝကွက်ရှိလျက်ရှိသည်။စားဝတ်နေရေးကို နေ့စဉ်
နှင့်အမျှ ပြူးပြဲရှာနေရသူအချင်းချင်းပေမို့ ခရီးသည်တင်လိုင်းကားသမားများ၏ဘဝကိုလည်း
အပြစ်ပြောရန်မစွမ်းသာပါ…..။သူတို့လည်း အခြားတစ်ပါးသောတိုင်းပြည်များမှ ဘတ်စ်ကား
ဒရိုင်ဘာများလို အအေးပေးစက်ဖွင့်ထားသော ဘတ်စ်အကောင်းစားကြီးများအား စမက်ကျကျဝတ်
လျှက်၊အေးအေးလူလူ၊အန္တရာယ်ကင်းကင်းမောင်းနှင်ချင်ပေမပေါ့….။သို့သော် မြန်မာပြည်၏
ခေတ်ကား၊စနစ်ကား…….(အင်း…မပြောတော့ပါဘူး….ပြောရင် ဒေါသသံတွေ အလိပ်လိုက်ပါ
လာလိမ့်မည်)။

တရားဥပဒေစိုးမိုးမှုကရော….၊ညှော်နံ့ နံသည့်ကိစ္စ အခြေအတင်စကားများရာမှ လူမိုက်ငှား၍ မျက်နှာကို
ဘလိပ်ဓါးနှင့်ခြစ်သည်တဲ့၊သူ့ဘာသာစားသောက်ဆိုင်ထဲ ကားနှင့်ဝင်လာသည့်သူကို အသားလွတ် အုပ်စု
ဖွဲ့ ပြဿနာရှာသည်တဲ့၊မြေကိစ္စနှင့် မိန်းမကြီးတစ်ဦးကို ခေါင်းဖြတ်သတ်သည်တဲ့။မန္တလေးကျူံးဘေးလမ်း
ပေါ်တွင် အုပ်စုဖွဲ့၍ ခုတ်သည်၊ထစ်သည်၊ရိုက်နှက်ကြသည်တဲ့။အင်းယားကန်ဘောင်တွင် အသားလွတ်
ဓားနှင့်လိုက်ခုတ်သည်တဲ့…။ငါးနှစ်သမီးလေးကို အိမ်နီးနားချင်းမှ မစောင့်ရှောက်ပဲ  မတော်တရော်ပြုသည်
တဲ့၊အထက်တန်းကျောင်းသူ၊ကျောင်းသားလေးတွေ ကျူရှင်လစ်ပြီး ဒေးကလပ်၊ဒေးပါတီတွေသွားကြ
သည်တဲ့…။ရဲတပ်ဖွဲ့ဝင်တစ်ဦးမှ အမျိုးသမီးတစ်ဦးကို ရဲကင်းရုံထဲတွင် အဓမ္မကျင့်သည်တဲ့….။

တရားဥပဒေစိုးမိုးမှု မရှိသည့်အခါ၊ဝိသမလောဘသားများမှ မတော်မတရားစီးပွားရှာကြသည်။အရက်၊
မူးယစ်ဆေးဝါးများ ပေါပေါလောလောစိတ်ထင်တိုင်း ဝယ်ယူသုံးစွဲနိုင်ကြသည်။အားကစား၊စာပေ၊
အနုပညာတို့ကို လွယ်လွယ်ကူကူလိုက်စားနိုင်ရန် စီစဉ်မပေးထားသည့်အခါ လူငယ်များသည်
ဂိမ်းဆိုင်များတွင်ပစ်ခတ်သတ်ဖြတ်သည့်ကစားနည်းများအား အုပ်စုလိုက်ကစားခြင်းများ၊အွန်လိုင်း
ပေါ်မှ မထော်မနန်းဝက်ဆိုက်များအား ပိတ်ထားခြင်းမရှိသဖြင့် အားပါးတရကြည့်ရှုခြင်းများ၊ထိုမှ
တစ်ဆင့် အွန်လိုင်းပေါ်မှ လိင်ပိုင်းဆိုင်ရာ မတော်တရော်ပြုခြင်းများ၊သွေးဆောင်ခြင်းများ၊နောက်
တစ်ဆင့်တက်ကာ အချိန်မတန်သေးပဲလိင်မှုကိစ္စရှုပ်ထွေးမှုများ၊လူငယ်များ အုပ်စုဖွဲ့၍အသားလွတ်
ရမ်းကားမှုများ၊ဂိုဏ်းဖွဲ့လာခြင်းများ၊မူးယစ်ဆေးဝါးရောင်း၊ဝယ်၊သုံးစွဲမှုများ ဖြစ်ပေါ်လာပါတော့သည်။

ထို့ပြင် တရားဥပဒေစိုးမိုးမှုမရှိသည့်အခါ တရားဥပဒေနှင့်တရားဥပဒေကို စောင့်ရှောက်၊ထိန်းသိမ်း
ရသူတို့အပေါ်၌ ပြည်သူမှ အယုံအကြည်မရှိကြတော့ပေ။မိမိအပေါ်မတရားအပြုခံရသည့်အခါများ
တွင် မိမိဘက်က မှန်နေသည့်တိုင် တရားဥပဒေကို လည်းကောင်း၊တရားဥပဒေကို ထိန်းသိမ်းရသူ
များကိုလည်းကောင်း အားမကိုးတော့ပေ။မတရားမှုတစ်ခုကို တရားဥပဒေကဖြေရှင်းမပေးနိုင်သည့်
အခါ ကိုယ့်ဥပဒေနှင့်ကိုယ် တရားစီရင်ကြတော့သည်။မတရားမှုကို မတရားမှုနှင့် ဖြေရှင်းကြတော့
သည်။ထိုအခါ နှစ်ထပ်ကွမ်းမတရားမှုသာဖြစ်ပေါ်လာတော့လေသည်။

တရားဥပဒေစိုးမိုးမှုမရှိခြင်း၊တရားဥပဒေကိုကာကွယ်စောင့်ရှောက်ရသည့်သူများမှ ရှိရှိသမျှအဂတိတရား
များကို လိုက်စားခြင်းများ သည် ကျွန်တော်တို့ မည်မျှပင် တရားဥပဒေဘောင်အတွင် စည်းကမ်းရှိ
စွာနေထိုင်သည်ဖြစ်ပါစေ ဘေးရန်မကင်းနိုင်ပေ။ဥပဒေဘောင်အတွင်းနေထိုင်ခြင်း ဘေးကင်ရန်ကွာ၊
စိတ်ချမ်းသာဆိုသည့် ဆောင်ပုဒ်မှာ မြန်မာပြည်အတွက်တော့ အင်မတန်ပြောင်မြောက်သည့်
ဟာသတစ်ပုဒ်သာသာပင်။လုံခြုံစိတ်ချရသည့် လူမှုဘဝ၊လူမှုဝန်းကျင်ဆိုသည်မှာ အဘယ်မှာနည်း။

ကျွန်တော် စင်္ကာပူတွင်ရှိနေစဉ်က ခင်မင်ရသောအစ်မတစ်ဦးပြောဖူးသောစကားအချို့ကို
ပြန်သတိရမိသည်။ထိုအစ်မမှာ စင်္ကာပူကိုအခြေပြု၍ အလုပ်ကိစ္စဖြင့် အခြားနိုင်ငံများသို့
ခရီးထွက်ရသူဖြစ်သလို၊မြန်မာနိုင်ငံသို့လည်း မကြာခဏအလည်အပတ်ပြန်နိုင်သူဖြစ်
သည်။သူကပြောဖူးသည်။သူဘယ်နိုင်ငံကပြန်လာလာ(မြန်မာနိုင်ငံအပါအဝင်) စင်္ကာပူမြေ
သို့ ခြေချလိုက်သည်နှင့် လုံခြုံစိတ်ချရသည်ဟူသော ခံစားချက်ကို ခံစားရသည် တဲ့…။

ဟုတ်တော့လည်းဟုတ်သည်။စင်္ကာပူတွင်နေထိုင်လုပ်ကိုင်နေရသောသူတစ်ဦးသည် ဥပဒေ
နှင့်အညီ၊စည်းကမ်းရှိစွာ တရားဝင်နေထိုင်သူတစ်ဦးဖြစ်ပါက မည်သည့်အရာရှိကိုမျှ ကြောက်
နေရန်မလို၊မည်သည်မျှဂရုစိုက်ရန်မလိုပေ။လဝကမှ ရစ်မှာမပူရ၊(သင့်ကို မလိုအပ်လျှင် အရာရှိ
သည် စကားပင်တစ်ခွန်းဟမည်မဟုတ်)။အကောက်ခွန်ကရစ်မှာမပူရ၊မည်သည့်ရဲကိုမျှမကြောက်
ရ။တက်စီကားများ ဈေးပိုတောင်းမှာမပူရ၊ဘတ်စ်ကားများစည်းကမ်းရှိစွာဖြည်းဖြည်းမှန်မှန်
မောင်းကြသည်။ည၁၂နာရီတစ်ချက်မှ အမျိုးသမီးငယ်တစ်ဦးတည်း မိမိအိမ်ကိုလမ်းလျှောက်ပြန်
လာ၍ မည်သည့်အန္တရာယ်မှ မစိုးရိမ်ရ…..။

ကျွန်တော်တို့မြန်မာပြည်တွင်ရော…..။ဟုတ်ကဲ့…..အားလုံးကို ကြောက်နေရပါသေးသည်။
နေ့ရောညပါ မည်သည့်နေရာတွင်မဆို ဘာမဆိုဖြစ်သွားနိုင်သည်ကို ပူပင်နေရပါသေးသည်။
လိမ်မှာ၊ညာမှာ၊အတုမိမှာ၊အစားအသောက်မှားမှာ၊ကိုယ့်ဘက်မှ မှန်နေပါလျက်နှင့် အမှုအခင်း
ဖြစ်ပြီး ရုံးပြင်ကနားများနှင့်ပတ်သက်ရမှာ….၊ဘာမဟုတ်တာလေးနှင့် ကိုယ့်အသက်ကိုရန်ရှာ
ခံရမှာ...၊နေရင်းထိုင်ရင်း အသားလွတ် ဓားနှင့်အခုတ်ခံရမှာ……။

ကျွန်တော်တို့ နိုင်ငံသားများအတွက် လုံခြုံစိတ်ချရသော လူမှုဘဝ၊လူမှုဝန်းကျင်၊ကျမ်းမာရေး
နှင့်ညီညွှတ်သော နေထိုင်၊စားသောက်နိုင်မှု၊အကြောင်းကြောင့် အမှုအခင်းဖြစ်လျှင် မိမိခံစားရ
မည့် တရားမျှတမှု၊မိမိမှန်လျှင်၊တရားဥပဒေနှင့်အညီနေထိုင်လျှင် မည်သူ့ကိုမျှ မကြောက်မရွံ့
ရမှု တို့ ဆိုသည်မှာ အဘယ်မှာပါနည်း…….။

တစ်လောက ရုပ်မြင်သံကြားမှ နိုင်ဂါရာဂါရေတံခွန်ကြီးအပေါ်မှ ကြိုးတန်းလမ်းလျှောက်ပြသော
လူစွန့်စားတစ်ဦးအကြောင်း ကြည့်လိုက်ရသည်။ထိုလူစွန့်စားသည် သူ့ထံတွင် မည်သည့်လုံခြုံ
ရေးကြိုးမျှ ချည်နှောင်ထားခြင်းမရှိပေ။ကြိုးတန်းအောက်မှလည်း ပိုက်ကွန်အစရှိသည်တို့နှင့်
ကာကွယ်ထားခြင်းမရှိပေ....။

ကျွန်တော်တို့ မြန်မာနိုင်ငံသားတို့ ဘဝကရော.....မည်သည့် လုံခြုံစိတ်ချရမှုမရှိ၊မည်သည့်အကာ
အကွယ်မှမရှိပဲ ဘဝကြိုးတန်းပေါ်လမ်းလျှောက်နေရသည်နှင့် မထူးပါလားခင်ဗျား.........။